Tuesday, December 13, 2011


လူ့ပြည်မှာနေတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တယ်။ လူလို စားပြီး လူလို ပြောတယ်။ ဒါနဲ့ပဲ လူအစစ်ဆိုတာ သေချာပြီလား။ ကျနော်သဘောကျတဲ့  စာအုပ်လေးတစ်အုပ်ရှိပါတယ်။ PAUL TILLICH ရေးတဲ့ THE COURAGE TO BE  တဲ့။ သူက ဘာသာရေးနဲ့ အတွေးအခေါ်ကို ဇောင်းပေးရေးထားတယ်။ ကျနော်စွဲနေမိတာက အဲဒီထဲက သဘောတရားလေးကိုပါ။ သူ့စာအုပ်နာမည်ကိုက ဘယ်လောက်လန်းသလဲ။ ကျနော်က ... လူလုပ်ရဲတဲ့သတ္တိ လို့ ဘာသာပြန်ချင်မိတယ်။

လူလုပ်ရဲဖို့ သတ္တိလိုတယ် ...
အဲဒီလို့ပြောလိုက်ရင် သင့်စိတ်ထဲ ဘယ်လိုနေမလဲ?
ဒီစကားကို နောက်တစ်ဘက်က စဉ်းစားကြည့်ပါ။
သတ္တိမရှိရင် လူ (အစစ်) မဖြစ်နိုင်တော့ဘူး။ ဒါဆို ဘာတွေဖြစ်ကုန်မလဲ?

ဒီမေးခွန်းကို မဖြေခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးတစ်ခုကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။ ဆရာမောင်ထင်ရေးတဲ့ ဗမာ့နိုင်ငံရေး သုခမိန်စာအုပ်ထဲက ကောက်နုတ်တာဖြစ်ပါတယ်။
`ကျုပ်တို့မှာ အခွင့်အလမ်းရယ်လို့ မရရှိခဲ့ဘူးလို့ ကျုပ်တို့ ဒီလို ဖြစ်ခဲ့ရတာပဲ´
တဲ့။ ဗိုလ်ချုပ်ရည်ညွှန်းတာ ကိုလိုနီစနစ်အောက်က မြန်မာတွေရဲ့အကြောင်းပါ။ ဒါပေမဲ့ ကျနော်က တစ်မျိုးလေး ဖြန့်ပြီး တွေးကြည့်မိတယ်။

ကိုလိုနီစနစ်ရဲ့ ပိပြားအောင်ဖိဆီးထားခြင်း ခံနေရတဲ့အောက်မှာနေရင်း တစ်ချို့ရပ်တည်ချက် မခိုင်မာသူတွေဟာ လူနဲ့မတူတော့ဘူး။ လူလို မကျင့် လူလို မကြံနိုင်တော့ဘူး။ ဒါဆို ဘာဖြစ်သွားလဲ။ ဒီအချိန် ခေါင်းထဲရောက်လာတာက `အ၀ိဥာဏက´ ဆိုတဲ့စကားလေးပါ။ ၀ိဥာဉ်မဲ့ပေါ့။ သက်မဲ့လို့ ပြောတာ မဟုတ်ဘူးနော်။ ၀ိဥာဉ်မဲ့သွားတာ။

ငြိမ်ဝပ်နေအောင် ဖိဆီးထားမှုနဲ့ကြုံတဲ့အခါ တည်ငြိမ်အောင် မရပ်တည်နိုင်ရင် ...

တစ်ချို့က ၀ိဥာဉ်မဲ့လူဖြစ်သွားတယ်။ နောက်တစ်ချို့ကျတော့ကော။
ဒါကို ကန်ထွက်တယ်။ ဖိဆီးမှုကို၊ ပိတ်ဆီးမှုကို ကန်တယ်။ ကန်ရင်းနဲ့ ဘာဖြစ်ကုန်လဲ။
ဆိုလိုချင်တာက လူအဖြစ်က ယုတ်လျှော့သွားရတဲ့အကြောင်းပါ။

လူသားစစ်စစ်အဖြစ် တည့်မတ်အောင် နေနိုင်ဖို့အတွက် ပိုကဲတုန့်ပြန်မှုမကောင်းသလို ခေါင်းလျိုးဝင်လိုက်စရာလည်း မလိုပါဘူး။ ဒါကြောင့် လူလုပ်ရဲဖို့ သတ္တိလိုတယ်ပြောတာပေါ့။ သတ္တိမှ တော်တော်ကြီးမားတဲ့သတ္တိ လိုတာဖြစ်ပါတယ်။

ကျနော်အင်မတန်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ချို့ရှိပါတယ်။ Bridge on the River Kwai  ဆိုတဲ့ ဇာတ်ကားကပါ။ ဖက်ဆစ်တွေလက်ထဲရောက်နေတဲ့ မဟာမိတ်တပ်က အရာရှိကြီးဟာ တဆိတ်ရှိ သုံ့ပန်းတွေကို ပေးရမယ့်အခွင့်အရေး ဥပဒေစာအုပ်ကြီးချည်း ပြေးပြေးဆွဲပြနေတာ။ အရောင်အဆင်းတောင် မပေါ်တော့လောက်အောင် စုတ်ပြတ်နေတဲ့ ယူနီဖောင်းတွေနဲ့ လူတွေကလည်း နံရိုးအပြိုင်းပြိုင်းဖြစ်နေပေမဲ့ ရန်သူရှေ့မှာ တင်းတင်းတောင့်ရပ်ရင်း တပ်ဖွဲ့စည်းပုံမပျက် ဟန်ရေးပြလိုက်သေးတာ။

ဒါတွေကြည့်ပြီး ကျနော့်စိတ်ထဲ ဘယ်လို ခံစားလာရသလဲဆိုတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို သူကိုယ်တိုင် ချမပစ်မချင်း ဘယ်သူမှချိုးနှိမ်လို့ မရဘူးဆိုတဲ့အကြောင်းပါပဲ။

တနည်းပြောရရင် လူစင်စစ်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ အဓိကလိုပါတယ်။ ဘယ်လောက်ဖိနှိပ်သူတွေရှိရှိ၊ ဘယ်လောက် ပြင်းထန်တဲ့ ဖိနှိပ်ခြင်းနဲ့ကြုံကြုံပါ။

ဖိနှိပ်သူဆိုတာရော လူသားစစ်စစ်လို့ပြောနိုင်ပါလား။ မဟုတ်ပါ။ လူကို လူမဆန်စွာ ဖိဆီးနှိပ်စက်သူတိုင်းဟာ သူ့ကြောက်စိတ်ကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ်ပြသနေတာဖြစ်တယ်။ ကြောက်နေတယ်ဆိုကတည်းက သတ္တိမရှိတော့ဘူး။ သတ္တိမရှိရင် လူမဟုတ် တော့ဘူး။ ဒီလို ဖိဆီးနှိပ်စက်သူတိုင်းက လူသားရုပ်သွင်လုံးဝပျောက်ပြီး လူ့အဖြစ်က လျှောကျသွားပါပြီ။

ဒီနေရာမှာ ဖိဆီးသူနဲ့ ဖိဆီးနှိပ်စက်ခံရသူ ဘယ်သူပိုမြင့်မြတ်သလဲ? မေးခွန်းတစ်ခုတော့ ကြားဝင်မေးချင်မိတယ်။

ဖိဆီး နိုင်စား နေနိုင်တိုင်း အထက်ဆီးရောက်နေတာ မဟုတ်ပါ။ မြင့်မြတ်နေတာ မဟုတ်ပါ။ စကားပမာ လူတစ်ယောက်နဲ့ ကျားတစ်ကောင် မျက်နှာချင်းဆိုင် တွေ့ရင် (လက်နက်လဲ မပါဘူးဆိုရင်၊ ယေဘုယျအားဖြင့်) လူပဲ ခံရမှာပါ။ ကျားက အင်အားသာတာကိုး။ ဒါနဲ့ပဲ ကျားကို လူထက် ပိုမြင့်မြတ်တယ်လို့ ပြောနိုင်မလား။ ကျားဆိုတာက အဟိတ်တိရိစ္ဆာန်လေ။ အားကြီးသူက နိုင်စတမ်းဆိုတဲ့ဝါဒဟာ တောရိုင်းဝါဒပါ။ တိရိစ္ဆာန်တွေဆီမှာပဲ ရှိပါတယ်။

ဖိဆီးနှိပ်စက်မှုနဲ့ ကြုံရတိုင်းမှာ တည်ငြိမ်ဂုဏ်သိက္ခာရှိစွာတုန့်ပြန်နိုင်ရင် ... လူပီသတယ်၊ လူသားဂုဏ်သိက္ခာနဲ့ ပြည့်ဝတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် (မတရား အဖိဆီးအနှိပ်စက် ခံနေရပေမယ့်လဲ) အဲဒီလို ခံနေရသူက ပိုမြင့်မြတ်နိုင်တယ်။
ရှင်းအောင် နောက်တစ်မျိုးတင်ပြပါ့မယ်။

လူတွေမှာ လောကဓံလို့ ခေါ်ကြတဲ့ အနိမ့်အမြင့် အတက်အကျတွေ ရှိတယ်။ ဖိဆီးနှိပ်စက်ခံရတာမျိုး အကြောက်တရားနဲ့ ထိပ်တိုက်တိုးရမယ့် အခြေအနေတွေရှိပါတယ်။ ဒီအခါမျိုးမှာ ဘယ်လို တုန့်ပြန်မလဲ? သိပ်အရေးကြီးပါတယ်။

လိုအပ်တာက ငါဟာ လူသားတစ်ယောက်ဖြစ်တယ်။ လူသားဖြစ်လို့ လူ့ဆင်ခြင်တုံတရားရှိတယ်။ လူသားဂုဏ်သိက္ခာရှိတယ်။ လူသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရမယ် ... ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးရှိရပါမယ်။

ဒီလိုမဟုတ်ပဲ ကြုံလာတဲ့အခြေအနေကို ကြောက်လို့ အလျှော့ပေးလိုက်မယ်၊ ပြုသမျှနုမယ်။ အကြောက်တရားကြောင့် မိမိကိုယ်ကျင့်သိက္ခာနဲ့ အိနြေ္ဒကို ပျက်ယွင်းစေမယ်ဆိုရင် လူ့အဖြစ်က လျှောကျသွားပါပြီ။ ကိုယ့်ကို ဖိဆီးလာတဲ့ အားကကြီးလွန်းလို့ မတွန်းလှန်နိုင်တောင် ဂုဏ်သိက္ခာရှိတဲ့ လူသားအဖြစ်ကိုတော့ မယုတ်လျှော့ရလေအောင် နေရပါမယ်။ Bridge on the River Kwai  ထဲက လိုပေါ့။

ကျနော်အခုဦးတည်နေတာ သမိုင်းအကြောင်း၊ နိုင်ငံရေးအကြောင်းမဟုတ်ပါ။ လူသားဂုဏ်သိက္ခာကို ဖွင့်ဆိုရှင်းပြနေတာ ဖြစ်ပါတယ်။

ဥပမာဖြစ်ရပ်လေးတစ်ချို့ တင်ပြပါ့မယ်။

ပထမဖြစ်ရပ်က ဟစ်တလာအကြောင်း။ ဟစ်တလာဟာ လူမဆန်တဲ့အပြုအမူအများကြီး ပြုလုပ်ခဲ့သူဆိုတာ လူတိုင်းသိပါတယ်။ မဟာလူမျိုးကြီးဝါဒ။ သန့်စင်တဲ့လူမျိုးပဲရှိစေဖို့ဆိုပြီး ဂျူးတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်။ ဒီတော့ သူ့အမြင်အရ လူတွေဟာ သားဖောက်ထားတဲ့ သတ္တ၀ါတွေလို သွေးသန့်တာတွေ မသန့်တာတွေဖြစ်နေပါပြီ။ အနှံကောင်းကောင်းတွေချည်း ထွက်ဖို့ မျိုးသန့်ပစ်ရအောင် လူဆိုတာ စပါးနှံမှ မဟုတ်တာ။

နောက် မကြာခင်လေးတင် ဂန့်သွားတဲ့ ဂဒါဖီအကြောင်း။ ဂဒါဖီဟာလူမဆန်ဘူး၊ ရက်စက်တဲ့အကြမ်းဖက်မှုတွေ ဒင်းကြမ်းလုပ်ခဲ့တယ်။ ဒါကို လူတိုင်းသိပါတယ်။ သေတော့လဲ လူသားဆန်ဆန် ဂုဏ်သိက္ခာရှိတဲ့ သေဆုံးခြင်းကို ရမသွားခဲ့ပါဘူး။ (ဒါက သူ့ရွေးချယ်မှုနဲ့လဲ ဆိုင်ပါတယ် နောက်ဆုံးအခြေအနေမှာ သူ့ကိုယ်သူ ပစ်သတ်လိုက်သင့်တယ်) ဒါပေမဲ့ သူ့ကို သတ်ကြသူတွေကလည်း လူမဆန်ပြန်ပါဘူး။

ဒါဟာ လူတွေနေတဲ့လောကလို့ သတ်မှတ်တယ်ဆိုရင်၊ တိရိစ္ဆာန်အုပ်ကြီး ကသောင်းကနင်းဖြစ်နေတာမျိုးနဲ့ မတူစေ့ချင်ရင် ဂဒါဖီကို ဖမ်းမိတဲ့အခါ ရုံးတင်အပြစ်ပေးသင့်တယ်။ ပြီးမှ ဘယ်နှစ်ကြိမ် သေဒါဏ်ချချပေါ့။ အဲဒီကျရင်လဲ လူလူချင်းဖြစ်လို့ သူ့ကိုသတ်တောင် လူလိုပဲ သတ်သင့်ပါတယ်၊

ဒေါသကြောင့်ဖြစ်စေ အကြောက်တရားကြောင့်ဖြစ်စေ လူဟာ လူအဖြစ်က ယုတ်လျှော့သွားတတ်ပါတယ်။

လိုအပ်တာက ... သတ္တိပါ။

အခြေအနေဆိုးလွန်းစဉ်မှာတောင် အဲဒီအခြေအနေက ထွက်ပေါက်ရမလားလို့ ကိုယ့်ကျင့်သိက္ခာကို ချပစ်လိုက်တာမျိုး၊ ခွေးကို ဘေးအပိတ် ကန်ခံရတဲ့အခါ အိုင်ကနဲ ကြောက်ကြောက်နဲ့ အော်ရင်း မျက်လုံးလေး ကလည်ကလည်နဲ့ အမြီးနှံ့ပြ သလိုမျိုး မလုပ်ပဲ ... အိုကေ မင်းနိုင်တော့ မင်းကန်တယ်၊ ငါကလဲ တွန်းလှန်ဖို့ အားမရှိဘူး။ ကန်ပေါ့၊ ကန်တာက မင်းအလုပ်။ ငါကလည်း သေလုမျောပါး အနှိပ်စက်ခံနေရစဉ်မှာတောင် အံကြိတ်တင်းခံရင်း ငါ့ရပိုင်ခွင့် အခွင့်အရေးတွေကို တစာစာ တောင်းနေရမှာကလဲ ငါ့အလုပ်လို့ ပိုင်းဖြတ်ရဲတဲ့ သတ္တှိရှိမယ်ဆိုရင် အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ လူအဖြစ်က ယုတ်လျှော့လိမ့်မယ် မဟုတ်ပါ။

ကျနော်ငယ်ငယ်က ဂျိမ်းစ်ဘွန်းကားတွေကို တော်တော်ကြိုက်ပါတယ်။ အဓိကသဘောကျတာက ဂျိမ်းစ်ဘွန်းရဲ့ သတ္တိပါ။ ဂျိမ်းစဘွန်းကို ရန်သူအဖမ်းခံရ၊ အနှိပ်စက်ခံရတဲ့ အခန်းတစ်ခု ကြည့်ဘူးတယ်။ သူဘာလုပ်သလဲ အနှိပ်စက်ခံရလို့ မခံမရပ်နိုင်တဲ့အခါ အော်တယ်။ ဒါပေမဲ့ ငိုပြီး မတောင်းပန်ဘူး။ ဒူးမထောက်လိုက်ဘူး။ အတင်းစစ်ရင် ပြောတယ်။ ပြောသမျှဟာ မုသားတွေ။

[ ဒီနေရာမှာ ကြုံလို့ စာအုပ်တစ်အုပ်ထဲက ဖတ်ဘူးတာလေးတစ်ခု ကောက်နုတ်ချင်ပါတယ်။ အမှန်တစ်ဝက်ရောထားတဲ့ မုသားဟာ အတော်ဝေခွဲရခက်စေတယ်တဲ့။ ဂျိမ်းစ်ဘွန်းကလဲ ဒီလိုပါပဲ၊ သူ့အစစ်ခံချက်တွေဟာ ပါးပါးလှပ်လှပ် အကွက်ဆင်ထားတဲ့ အစစ်ခံချက် တွေဖြစ်တယ်။ စစ်ဆေးသူကို သူ (ဂျိမ်းစ်ဘွန်း) လိုချင်တဲ့ အမှားအယွင်းလုပ်ရပ်တွေဆီ ပုံဖော်လုပ်ကိုင်မိအောင် လမ်းကြောင်း ထားတာတွေ ဖြစ်တယ်။ ]

ဒါကြောင့် ဂျိမ်းစ်ဘွန်းဟာ လူပီသတယ်။ အဲဒါကြောင့် ကျနော်ကြိုက်ပါတယ်။

တကယ်တော့ ဖိဆီးမှုကို တွန်းလှန်တိုင်း၊ ဒေါသကို ထွက်ပေါက်ပေးတိုင်းလည်း လူ့အလုပ်လုပ်ခြင်း မဟုတ်ပါ။ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူဆောင်ရွက်မှုတိုင်းဟာ လူ့အဖြစ်က ယုတ်လျှော့သွားခြင်းကို ပြပါတယ်။

ကျနော်အကြိမ်ကြိမ်တွေ့ဘူးပါတယ်။ ကားမှတ်တိုင်က အလှဆင်ထားတဲ့ ပိုစတာတွေကို ဓားနဲ့ထိုးခွဲသွားတာမျိုး၊ လမ်းဘေးမီးတိုင်ကို ခဲနဲ့ ပစ်ခွဲထားတာမျိုး။ ကိုယ့်အတွက်လည်း အကျိုးမရှိ။ ထိလည်း မထိရောက်ပဲ ဘာလုပ်ကြမလဲ။ တည်တည်ငြိမ်ငြိမ် ရပ်တည်ရဲတဲ့သတ္တိ လိုပါတယ်။

ကျနော်ကိုယ်တိုင် မတရားမှုတွေကြုံရတိုင်းမှာ ဒေါသထွက်မိတာတွေရှိတယ်။ ဒီ Facebook ဟာ အင်မတန် ခံစားချက်တွေ ဖွင့်အံချလို့ ကောင်းတဲ့နေရာပေါ့။ ကျနော်ကြုံရတဲ့ မတရားမှုတွေကို ဒီစာမျက်နှာတွေပေါ်မှာ ဆဲချဖွင့်ထုတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ပါ။ ကိုယ့်ကိုယ်ကို လူသားဂုဏ်သိက္ခာ မပျက်ယွင်းရအောင် နေမယ်လို့ သံဓိဌာန်ထားပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ်တို့ ပြောကြတယ်ဆိုတာ မေတ္တာနဲ့ ကောင်းစေ့ချင်လို့ အများအတွက် ပြောတာဖြစ်ပါတယ်။ ပြီးတော့ လူကြီးသူမ အုပ်ထိန်းသူက ကလေးငယ်ကိုဆိုဆုံးမသလို ပြောတာ။ ဒီလိုမဟုတ်ပဲ ကိုယ့်ဒေါသကို ဖွင့်ထုတ်ချင်ရုံသက်သက် ဆဲရေးမယ်ဆိုရင်တော့ လူသားဂုဏ်သိက္ခာ ယုတ်လျှော့တယ်လို့ ကျနော်ခံစားရပါတယ်။ တစ်ချိန် အသက်ကြီးလာလို့ ကိုယ့်ငယ်စဉ်က လုပ်ရပ်တွေကို ပြန်ကြည့်တဲ့အခါ အရှက်ရနေမှာမျိုး မဖြစ်လိုပါ။

မကျေနပ်မှုကို မဖော်ထုတ်ရဘူး မဟုတ်ပါ။ ဒါပေမဲ့ ဂုဏ်သိက္ခာရှိစွာ ဖော်ထုတ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။

ကျနော်တို့မှာ ပြင်စရာအကျင့်တွေ တော်တော်များများရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ ဘယ်လိုလုပ်ရပ်မဆို လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ အားထုတ်နေထိုင်သွားဖို့ဘဲ ဖြစ်ပါတော့တယ်။

Ref; THE COURAGE TO BE  by PAUL TILLICH

သွန်းနေစိုး Thorn Nay Soe

Read more ...

Monday, December 12, 2011


လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )


မူရင်း -- http://share.youthwant.com.tw/sh?id=31023426&do=D

နိုင်းနိုင်းစနေ (Thursday, September 22, 2011)
Read more ...
တစ်လောက ကျောင်းသားဟောင်းနှစ်ဦး ရောက်လာပြီး ကိစ္စတစ်ခု တိုင်တည်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က သူငယ်ချင်း ၅ ယောက် အချိုးညီ အစုငွေထည့်ပြီး တည်ထောင်ခဲ့ကြတဲ့လုပ်ငန်းကြီး ပိတ်သိမ်းရတော့မယ့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ပြောပြရင်း ကျန်သူ ၃ ယောက် ပြောမရ ဆိုမရ ထင်ရာစိုင်းတက်ပုံတွေအကြောင်းပါ တိုင်ပါတယ်။   သူတို့ ၅ ယောက်စလုံး ရင်းနှီးတဲ့တပည့်တွေ ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ကြဖို့ စိတ်ကူးရကြတဲ့ အချိန်ကတည်းက အစအဆုံး တိုင်ပင်ကြပါတယ်။ သူငယ်ချင်းချင်း ဘယ်လောက်ပဲ ရင်းနှီးလည်း စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် စီးပွားရေးနဲ့ တူအောင် ကတိဝန်ခံချက်စာချုပ်စာတမ်းနဲ့ တိတိကျကျ လုပ်ကြဖို့ သတိပေး ပါတယ်။ တစ်ဦးချင်းရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များ ကိုလည်း စာနဲ့ရေးသားချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး ဖို့လိုကြောင်းလည်း ပြောပြပါတယ်။ “အချင်းချင်းတွေပဲ ဒီကိစ္စလောက်က ပြောစရာမလိုပါဘူး” ဆိုတဲ့ စကားကို လုံးဝရှောင်ကြဉ်ဖို့လိုကြောင်းလည်း သေသေချာချာ မှာကြားပါတယ်။
            လူငယ်များပီပီ စိတ်အားထက်သန်စွာနဲ့ လုပ်ငန်းစတင်ထူထောင်ပြီး ၅ ယောက်စလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပါတယ်။ သိန်းထောင်ချီ မတည်ခဲ့တဲ့ သူတို့လုပ်ငန်းလည်း တော်တော်လေးအသားကျသွားပါပြီ။ ဟော.. အခု ၅ နှစ်ကြာတော့ ပိတ်သိမ်းပစ် ရပါတော့မယ်တဲ့။ လုပ်ငန်းက သိပ်ပြီးအခြေအနေ ဆိုးဆိုးရွားရွားကြီးဖြစ်နေတာ မဟုတ်ပေမယ့် သူငယ်ချင်း ၅ ယောက်က ညှိနှိုင်းလို့ မရအောင် စိတ်ဝမ်းကွဲနေကြတော့ ဆက်လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
            သူတို့လာပြီး သိပ်မကြာခင်ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား  ၃ ယောက် ရောက်လာကြပြီး အလားတူ တိုင်တန်းကြပါတယ်။ ထုံးစံအတိုင်း တစ်ဖက်က ၂ ယောက်ကို အပြစ်တင်ကြပါတယ်။ သူတို့အခြေအနေက တော်တော် တင်းတင်းမာမာ ဖြစ်နေကြပါပြီ။ ပုဂ္ဂိုလ်ရေးနဲ့ ငွေကြေးအရှုပ်အရှင်း ကိစ္စတွေလည်း တော်တော်များများ ဖြစ်နေတာဆိုတော့ စေ့စပ်ဖြန်ဖြေလို့ ရနိုင်ဖွယ် မရှိတော့ဘူးလို့ ယူဆမိတယ်။ စေ့စပ်ပေးလည်း အခိုက်အတန့်သာ ခံမယ့် အခြေအနေထိ ရောက်နေပါပြီ။ အဲဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့ မကြိုးစားတော့ဘဲ လုပ်ငန်းတစ်ခုလုံးကို စနစ်တကျနဲ့ လက်လွှဲရောင်းချပြီး သဘောတူ စာချုပ်ရှိတဲ့အတိုင်း အညီအမျှ ခွဲဝေယူကြဖို့ စာရင်းစစ်များး ရှေ့နေများနဲ့ တိုင်ပင်လုပ်ဆောင်ကြဖို့သာ ပြောလိုက်ပါတယ်။
            တပည့်ကျောင်းသူကျောင်းသားတွေချင်း ကျောင်းသားဘ၀ ရင်းနှီးချစ်ခင်ကြရာက စီးပွားရေးလက်တွဲလုပ်ဆောင် ကြတာမျိုး ၁ ဒါဇင်ထက်မနည်း ရှိခဲ့တာကို သတိထားမိပါတယ်။ ၀မ်းနည်းစရာကောင်းတာက နောက်ဆုံးမှာ အမုန်းနဲ့ အဆုံးသတ်သွားကြတာချည့်ပါပဲ။ မအောင်မြင်လို့ သူ့အပြစ်တင် ကိုယ့်အပြစ်တင်လုပ်ပြီး လမ်းခွဲသွားကြတာမျိုးတွေ ရှိသလို၊ အောင်မြင်ကြီးပွားနေရာက ရုတ်တရက်ကြီး လမ်းခွဲပိတ်သိမ်းသွားတာမျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ဆုံးရှုံးရတဲ့ အခါမှာ သူ့အပြစ် ငါ့အပြစ် ပြောတတ်ကြသလိုပဲ အောင်မြင်တဲ့ အခါမှာလည်း ငါတော်လို့ ငါလုပ်လို့ဖြစ်တာ သူ့ကြောင့် ဖြစ်တာမဟုတ်ဘူး ဆိုတဲ့ အသားယူမှုမျိုးတွေကြောင့် စည်းလုံးမှု ပျက်ပြား သွားရပါတော့တယ်။
            တစ်ခါကလည်း တပည့် ၃ ယောက်ပေါင်းပြီး မြို့လယ်လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖွင့်ပါတယ်။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုတော့ ခုလောက် စားသောက်ဆိုင်တွေ မပေါလှသေးပါဘူး။ ရန်ကုန်ပေါက် တရုတ်ဟင်းချက်ဆရာက တော်တော်ကျွမ်းကျင်တာကြောင့် လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဆိုင်လည်း အမြဲတမ်း လူစည်ကားနေပါတယ်။ ဆိုင်ရှင်တွေကလည်း တက္ကသိုလ်ကျောင်းပြီးခါစ လူငယ်လေးတွေဆိုတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ပါပဲ။ အဲဒီလို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ လာစားလိုက်ကြ၊ ဖိတ်ပြီးကျွေးလိုက်ကြနဲ့ပဲ ၅ နှစ်လောက် ကြာတော့ အရင်းပျောက်ပြီး ဆိုင်ပိတ်သွားပါတော့တယ်။ လူစည်ကား အောင်မြင်နေပေမယ့် စည်းမရှိဝါးမရှိ ပျော်ပွဲစားထွက်သလို အလှူကြီးပေးနေသလိုမျိုးဆိုတော့ ဘယ်ခံနိုင်တော့မလဲ။ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တတ်ကြတာကိုး..။
            စားသောက်ဆိုင်အကြောင်း တွေးမိတော့ သူတို့နဲ့ ဆန့်ကျင်ဘက် စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ပြန်ပြီး အမှတ်ရမိပါတယ်။ တပည့်မလေး တစ်ယောက်ရဲ့အဖေနဲ့ မိတ်ဆွေများ အစုစပ်ဖွင့်ကြတဲ့ဆိုင်ပါ။ ဆိုင်ဖွင့်စမှာ တပည့်မလေးရဲ့ အဖေက ဖိတ်ကျွေးလို့ ကျောင်းသူကျောင်းသား ၁၀ ယောက်လောက်နဲ့ သွားစားကြပါတယ်။ ကောင်းပေ့ဆိုတဲ့ ဟင်းတွေ ဆယ့်လေးငါးမျိုးလောက်နဲ့ ရက်ရက်ရောရောကျွေးပါတယ်။ တော်လောက်ပါပြီလို့ ပြောလို့ကို မရပါဘူး။ တစ်မျိုးပြီးတစ်မျိုး ရောက်လာတော့တာပါပဲ။ အားလုံးစားသောက်ပြီးတဲ့အခါကျတော့ ဖိတ်ကျွေးတဲ့ကျောင်းသူလေးက သူ့အဖေထိုင်နေတဲ့ကောင်တာမှာ သွားပြီးငွေရှင်းတာကို တအံ့တသြတွေ့ရပါတယ်။ သမီးစားပွဲရှိရာ ပြန်လာတော့ အဖေက ကောင်တာက ထလိုက်လာပြီး စားသောက်ကောင်းရဲ့လားလို့ ပဋိသန္ဓာရစကား ဆိုရင်း နှုတ်ဆက်ပါတယ်။
            သူတို့စားသောက်ဆိုင်ဟာ လေးငါးနှစ်အတွင်းမှာ အထူးအောင်မြင်ပြီး ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဆိုင်ခွဲတွေ အတော်များများ ဖွင့်နိုင်သွားပါတယ်။ အလုပ်ကို အလုပ်နဲ့တူအောင် စည်းစနစ်နဲ့လုပ်ကြတော့ အောင်မြင်မှာပေါ့..။ ကိုယ်ဖိတ်ကျွေးတဲ့ဧည့်သည်အတွက် ကျသင့်ငွေကိုတောင် ကိုယ့်အိတ်ထဲက ထုတ်ပေးကြတာလေ။ ဆိုင်ပိုင်ရှင်ဆိုပေမဲ့ ကိုယ့်တစ်ဦးတည်းပိုင်မဟုတ်၊ အစုစပ်လုပ်ကြတာမဟုတ်လား။ ဒီတော့ သူ့စည်းကိုယ့်စည်းနဲ့ သတ်မှတ်ပြီး စည်းကမ်းအတိုင်း တိတိကျကျလုပ်ကြတယ်။ အငြင်းပွားစရာမရှိ၊ ပြဿနာမရှိ၊ နှစ်ကာလရှည်ကြာစွာ အတူလက်တွဲပြီး လုပ်နိုင်ပါတယ်။
            ဒီနေ့လူငယ်တွေဟာ အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တဲ့ဘက်မှာ အားနည်းကြပါတယ်။ Professionalism “ပညာသည်စိတ်ဓာတ်” ဆိုတာ တော်တော်များများက ဘာမှန်းမသိကြပါဘူး။ ၀ါသနာအရ အပျင်းပြေသဘောလုပ်သမျိုး ခပ်ပေါ့ပေါ့သာ တချို့က သဘောထားတတ်ကြတယ်။ တချိုံကျတော့လည်း ထမင်းစားဖို့ ငွေရှာဖို့ အလုပ်အကိုင် လုပ်တဲ့သဘောထက် ဘာမှပိုပြီး အလေးအနက် မရှိပါဘူး။
            “ပညာသည် စိတ်ဓာတ်” ဆိုတာ ငွေကြေးရသည့် အလုပ်ဖြစ်စေ မရသည် ဖြစ်စေ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးလေး စားစားရှိပါတယ်။ ဘယ်တော့ ဘယ်အခါမဆို ပြီးပြီးရော သဘောမျိုးမလုပ်ပါဘူး။ အလေးအနက် ဂရုတစိုက် လုပ်ပါတယ်။ ကိုယ့်အလုပ် ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့ “ပညာသည်ဖြစ်ခြင်း” ကိုလည်း တန်ဖိုးထားပါတယ်။ “ပညာသည်စစ်စစ်” ဟာ ထမင်းတစ်လုပ်အတွက် ကိုယ့်ရဲ့  “ပညာသည်ဘ၀” ကို ရောင်းမစားပါဘူး။ နောက်ပြီးတော့ “ပညာသည်စစ်စစ်” တို့ဟာ တခြားပညာသည် များကို လည်း လေးစားရိုသေပါတယ်။ ငါ့အလုပ်ကမှ မွန်မြတ်တယ်၊ ငါ့အလုပ်ကမှ ပိုအဖိုးတန်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး။
            တိုင်းပြည်တစ်ပြည် တိုးတက်ဖို့၊ လူမျိုးတစ်မျိုး အသရေတင့်ဖို့အတွက် လူငယ်တွေကို “ပညာသည် စိတ်ဓာတ်”ရှိအောင် လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှ ဘယ်အလုပ်မျိုးမဆို အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တက်ကိုင်တတ်လာမှာ ဖြစ်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
            လူထုစိန်ဝင်း
Read more ...

အိမ်ထောင်ရေးမြဲအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို မစခင် အိမ်ထောင် ဘာကြောင့် ကွဲတတ်ကြသလဲဆိုတာက စလိုက်ကြရအောင်!

တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆတွေဖြစ် နောက်ဆုံး ပြတ်ကြဆဲကြပြီဆို ဘယ်လို ပြောလေ့ရှိသလဲ? အများဆုံးပြောတတ်တာက ဘာလဲ? နားထဲလျှံမတတ် ကြားရမြဲဖြစ်တဲ့ စကားတစ်ခွန်းရှိပါတယ်။

သူနဲ့ကျမ။ ကျွန်တော်နဲ့ သူမ။ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြဘူး ဆိုတဲ့ စကားပါ။

ဒါကို အိမ်ထောင်ကွဲသွားတဲ့သူတွေကလည်း ပြောကြတယ်။ ဒီလိုကွဲခွင့်ရအောင် ရုံးတော်မှာ လျှောက်လဲတင်ပြကြတဲ့ ရှေ့နေရှေ့ရပ်တွေကလဲ ပြောကြတယ်။ နောက်ဆုံး သတင်းစာတွေ ဘာတွေမှာ ကွာရှင်းပြတ်ဆဲကြောင်း ကြေငြာကြရင်တောင် ဒီစာသားကြီးက ထင်းလို့။ ကြာလာတော့ ဒီ `စိတ်သဘောထားချင်း မတိုက်ဆိုင်ပါဘူး´ ဆိုတဲ့ စကားဟာ အိမ်ထောင်ကွဲဖို့ အင်မတန်ကောင်းတဲ့  ဆင်ခြေကြီးတစ်ခုလိုဖြစ်နေပါတော့တယ်။

ဒါကို နည်းနည်းလေးဖြန့် စဉ်းစားကြည့်ရအောင်။

စိတ်သဘောထားချင်း မတိုက်ဆိုင် ... ဘူးတဲ့။
ဟုတ်သလား။ ဖြစ်နိုင်သလား။
စိတ်သဘောထားဆိုတာရဲ့ အရင်းအမြစ်က ဘာလဲ? စိတ်ပဲ မဟုတ်လား။ စိတ်ချင်း မတိုက်ဆိုင်ဘူးဆိုတာ ဖြစ်နိုင်သလား?

စိတ်မှာ အကောင်အထည်ဒြပ်ရှိသလား?
သင်္ဘောနှစ်စင်းဝင်တိုက်သလို။ ရထားနှစ်စင်း လမ်းကြောင်းတစ်ခုတည်းပေါ်တည့်တည့်ကျနေလို့ မရှောင်နိုင်တော့ပဲ တိုက်ကြသလို စိတ်ဟာ ၀င်တိုက်တတ်တာမျိုးကြီးလား? ဒါဆို တစ်ခုထပ်မေးမယ်။ ဘယ်မလဲ အဲဒီစိတ်?

လက်ဆုပ်လက်ကိုင်တောင်ပြစရာ မရှိတဲ့ဟာကြီးကို ဆင်ခြေအဖြစ်ပေးနေကြတာ့ မလွန်လွန်းဘူးလား?
အဲဒီစိတ္တဇနာမ်သာဖြစ်တဲ့ `စိတ်သဘောထား´ ဆိုတာကို အကြောင်းပြပြီးတဲ့နောက်မှာ ပျက်သုဉ်းသွားရတာက ဘ၀တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်နဲ့ မျက်ရည်တွေ။

စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ ကလေးလေးတစ်ယောက် ငိုနေရတယ်။
စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ မိန်းမငယ်လေးတစ်ယောက် ဘ၀ပျက်သွားရှာတယ်။
စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ လူတစ်ယောက်ယစ်ထုတ်ကြီး ဖြစ်သွားရှာတယ်။

ဟုတ်သလား? တန်ရဲ့လား? ဒီဆင်ခြေက ဘ၀နှစ်ခုကို ခွဲခြမ်းပစ်ဖို့ လုံလောက်ရဲ့လား?

အင်္ဂလိပ်လိုတော့ ဒါကို Emotional Incompatibility လို့ ခေါ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ ဒါဟာ အမြင်လှအောင် ဖုံးကွယ်ထားတဲ့ လိမ်လည်မှု တစ်ခုပါပဲ။ စိတ်သဘောထားချင်းမတိုက်ဆိုင်ဘူးဆိုတာ မရှိဘူး။ ဟော့ဒီလောက်ကကြီးမှာ လုံးလုံးကို မရှိဘူး။

တကယ်ရှိနေတာက ဘာလဲ?
အမှားအယွင်းတွေ တစ်ယောက်ကိုတစ်ယောက် နားလည် မပေးနိုင်မှုတွေပဲ ဖြစ်တယ်။

ဒေါက်တာ လူစီယန် ဘိုးဝေးက ပြောဘူးတယ်။
အိမ်ထောင်ပြုခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်။
ဟုတ်ပြီ။ အဲဒီ အနုပညာကို ဘာနဲ့ ဖွဲ့စည်းကြမလဲ?
နားလည်မှုနဲ့ ဖွဲ့စည်းကြမယ်?
နားလည်မှုရှိအောင် ဘယ်လိုလုပ်ကြမလဲ?
ချစ်သူကြင်ဘက်ခြင်းရင်းနှီး ပွင့်လင်းကြမယ်။

ဒါပေမဲ့ တစ်ခုတော့လဲ ရှိပါတယ်။ ဒါကို အနုပညာလို့ ဆိုထားကတည်းက
ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်ရမယ့် ကိစ္စဆိုတဲသဘော တစ်ဆက်တည်း တွဲလို့ ပါနေပါပြီ။
နေ့ချင်းညချင်း ၀ုန်းကနဲ တည်ဆောက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။

အထူးသဖြင့် အဆင်မပြေနေတဲ့ အိမ်ထောင်ရေးတွေအတွက်ဆို အချိန် လိုအပ်ပါတယ်။
ပျက်ယွင်းသွားတဲ့ ဆက်ဆံရေးကို ချက်ချင်းကြီး ပြန်ဖာထေးချင်လို့ ရမယ် မဟုတ်ပါ။
ငါက သဘောထားပြောင်းချင်ပါလျက်နဲ့ သူ့ဘက်က ဘာလို့ ပြန်မပြေလည်ရသေးတာလဲလို့ စိတ်မရှည်လို့ မရပါ။ ဒီလိုကိစ္စမျိုးမှာ ဆေးမြီးတို မရှိပါ။ ဖြတ်လမ်းမရှိပါ။ ဗေဒင်ယတြာတွေလည်း သွားအားကိုးမနေပါနဲ့။ ဘာမှ မကယ်နိုင်ပါ။ လိုအပ်တာကတော့ တဖြည်းဖြည်း တရွှေ့ရွှေ့ တိုးတက်ပြောင်းလဲလာတာကို စိတ်ရှည်သည်းခံရင်း ဒီလို ပြောင်းလဲလာဖို့လည်း တည်ဆောက်ယူရမှာဖြစ်ပါတယ်။

ဒီ့နောက်မှာ ... အိမ်ထောင်တစ်ခုအတွက် နားလည်မှုတည်ဆောက်ဖို့ သော့ချက် ၁၀ခုပေးထားပါတယ်။
မပြေလည်တဲ့ အိမ်ထောင်ရေးအတွက်ဖြစ်စေ၊ ပိုပြီး ပြေလည်စေချင်တဲ့ အိမ်ထောင်ရေးအတွက်ဖြစ်စေ၊ အိမ်ထောင်တည်ဆောက်ဖို့ ပြင်ဆင်နေသူ၊ အိမ်ထောင် မတည်ဆောက်ရသေးသူတွေအတွက်ဖြစ်စေ
အားကိုးအားထားပြုစရာ ကိရိယာတန်ဆာပလာများအဖြစ် အသုံးချနိုင်ကြလိမ့်မယ် ထင်ပါရဲ့။

[adapted from ' To Understand Each Other' by Paul Tournier]
သွန်းနေစိုး Thorn Nay Soe
Read more ...
အိမ်ထောင်ပြုခြင်းဆိုတာ ...
လူနှစ်ယောက်ပါဝင်ကစားနိုင်ပြီး နှစ်ယောက်လုံး အနိုင်ရစေနိုင်တဲ့
ဂိမ်းတစ်ခုဖြစ်တယ်။

... ဆိုတဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးပါတယ်။
ပေးဆပ်တာတွေ ရယူတာတွေ လာမပြောနဲ့။ နှစ်ယောက်ပါတယ်၊ နှစ်ယောက်လုံး နိုင်တယ်။
ဒီတော့ အိမ်ထောင်ပြုခြင်းဆိုတာ Win - Win ပဲ။ ဒါမှလဲ အိမ်ထောင်မှုရဲ့ အနှစ်သာရပေါ်လွင်မှာ ဖြစ်ပါတယ်။

အိုကေ။ ဒီလိုဆိုတော့ မေးစရာမေးခွန်း ရှိလာမယ်။
အိမ်ထောင်ပြုခြင်းက အနိုင်ရစေသလား? ဘာကို အနိုင်ရစေမှာလဲ?
အရှုံးပေးတဲ့သူ မရှိပဲ ဘယ်လို အနိုင်ရမှာလဲ?

အမှီရှိမှ ဘုရားပွင့်တယ်ဆိုတဲ့စကား ကြားဘူးမှာပေါ့။
ပါရမီဖြည့်ဘက် ကောင်းမှ ဘ၀ရဲ့ ရှေ့ခရီး သာယာလိမ့်မယ်။
ဒါဟာ အိမ်ထောင်ပြုခြင်းကနေ ရနိုင်တဲ့ အမြင်သာ အလွယ်ကူဆုံးရလာဒ်ပဲ။

လူရယ်လို့ဖြစ်လာပြီး လူလားမြောက်လာပြီဆိုရင် ...
ကိုယ့်အတွေးအကြံ အယူအဆတွေကို ရင်ဖွင့်တိုင်ပင်ဖို့ရာ လူတစ်ယောက်တော့ (အနည်းဆုံး) လိုတယ်။
အဲဒီလိုလူမျိုး မင်း ဘယ်မှာ သွားရှာမလဲ?
တစ်ဘ၀လုံး မင်းနားရှိပေးပြီး မင်းရင်ဖွင့်တာတွေ နားထောင်ဖို့ရာ ဘယ်သူက နေပေးနိုင်မလဲ?
အဲဒီလို လုပ်ပေးနိုင်တာ တစ်ယောက်တည်းရှိတယ်။
အဲဒါ မင်းရဲ့ အိမ်ထောင်ဘက်ပဲ။

လူတစ်ယောက်ဘ၀မှာ အောင်မြင်ဖို့၊ နှုန်းမီ စံကိုက်လူတစ်ယောက်အဖြစ် ရပ်တည်ရှင်သန်သွားဖို့ဆိုရင် ကိုယ့်ကိုယ်ကို နားလည်ဖို့ အရင်ဆုံးလိုအပ်တယ်။ အဲဒါကို ဘယ်လို တည်ဆောက်ကြမလဲ?

ကိုယ့်ကိုယ်ကို နားလည်ဖို့ရာ ... မင်းရဲ့ ရင်ဘတ်ကို ဒိုးယိုပေါက်မြင်နိုင်မယ့်သူတစ်ယောက်လိုတယ်။ အဲဒီလိုလူအဖြစ် မင်းဘေးနား တစ်ဘ၀လုံး နေသွားဖို့ဆိုတာလဲ မင်း အိမ်ထောင်ဘက်က အသင့်တော်ဆုံးပဲ။

ဒီနေရာမှာ အကြောင်းဆိုက်နေတာမို့ ...
ကဗျာလေးတစ်ပုဒ်ရေးပြချင်တယ်။

`တခြားသူတွေ အကုန်
လဲကြပြိုကြ ရှောင်ဖယ်သွားကြချိန်မှာအနားဆက်ပြီးကျန်နေရစ်သူ၊

မင်းလက်ကို ဆက်လက်ဆုပ်ကိုင်နွေးထွေးစေတတ်သူ
တစ်ယောက်ရှိတယ်။
အဲဒါကို ဘ၀ရဲ့အဖော်မွန်လို့ခေါ်တယ်´

အဲ့ဒီလို ဘ၀ရဲ့အဖော်မွန်ကောင်းတစ်ယောက် မင်းနားမှာ အမြဲထာဝရမြဲစွဲနေအောင် ဘယ်လို နေထိုင်ပြုမူရမလဲ?
အဲဒါဟာ လျို့ဝှက်ချက်ပဲ။
အိမ်ထောင်ပြုခြင်းရဲ့ လျို့ဝှက်ချက် ခေါ်ရမှာပေါ့။
အဆင့် ၁၀ဆင့်ရှိတယ်။ တံခါးပေါက် ၁၀ခု။ သော့ချက် ၁၀ ချောင်းလို့လဲ ခေါ်နိုင်ပါလိမ့်မယ်။

[adapted from ' To Understand Each Other' by Paul Tournier]
သွန်းနေစိုး Thorn Nay Soe
Read more ...

ရင်ခုန်ပြီး လေးစားတဲ့စိတ်နဲ့ ပျော်နေတယ် (ထွန်းအိန္ဒြာဗို)

Read more ...

တစ်နေ့မှာ ကောင်းပေ့ဆိုတဲ့ ပန်းတွေမှရောင်းတဲ့ ပန်းအရောင်းဆိုင်ကြီး
တစ်ဆိုင်က အခုလို ကြော်ငြာလိုက်တယ်။

” ကျွမ်းကျင် အရောင်းဈေးသည် တစ်ဦး အမြန်အလိုရှိသည်။ လစာငွေ
ကောင်းကောင်းပေးမည်။ “

..ဆိုပြီး ကြော်ငြာ လိုက်တယ်။ ကြော်ငြာတွေ့တယ်ဆိုရင်ဘဲ လာလျှောက်ကြတဲ
့သူတွေ မနည်းပါဘူး။ ဆိုင်ပိုင်ရှင်က အားလုံးကို အင်တာဗျုးပြီးတဲ့အခါ
မိန်းကလေး (၃)ဦးကို ပဏာမ ရွေးချယ်လိုက်တယ်။ သူတို့ (၃) ဦးကို တစ်ဦးကို
တစ်ပါတ်စီ ဆိုင်မှာ အစမ်းခန့် ကြည့်ပြီးမှ အဆင်ပြေဆုံး တစ်ဦးကို
ဆိုင်အတွက်ရွေးချယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ အရွေးခံရတဲ့ မိန်းကလေး
(၃)ဦးကလည်း ပန်းကလေးလိုဘဲ လှပကြတယ်။

ပထမတစ်ဦးက ပန်းအလှပြင်ဆိုင်မှာ လုပ်ခဲ့ဖူးတော့ ပန်းတွေကို
ဘယ်လိုပြင်ဆင်ရတယ်၊ ဘယ်လိုကိုင်တွယ်ရတယ်၊ ဘယ်လို ကြာကြာခံအောင်
ထားသိုရတယ်ဆိုတာ ကျွမ်းကျင်နေတာပေါ့။ ဒုတိယတစ်ဦးကလည်း ပန်းအလှပြင်
သင်တန်းဆင်း တစ်ဦးဖြစ်နေတဲ့အတွက် ဒီလုပ်ငန်းဟာ သူ့အတွက်
မစိမ်းဘူးဖြစ်နေတော့တာပေါ့။ တတိယ မိန်းကလေးကတော့ ဘာအတွေ့အကြုံမှ မရှိတဲ့
အလုပ်ရှာနေသူ တစ်ဦးပါဘဲ။

ဆိုင်ရှင်က သူတို့(၃) ဦးကို တစ်ပါတ်စီ စမ်းသုံးကြည့်ပြီး
ရတဲ့ရလဒ်ပေါ်မှာမှ ရွေးချယ်မယ်ဆိုတော့ အတွေ့အကြုံ ကောင်းကောင်းရှိတဲ့
ပထမမိန်းကလေးက စိတ်ထဲမှာ ကြိတ်ဝမ်းသာနေတာပေါ့။ ပန်းရောင်းတာ၊
ပန်းအိုးထိုးတာ၊ ပန်းတွေကိုင်တွယ်တာ အားလုံးက သူ့အတွက်အခက်ခဲမရှိ၊
တတ်သိပြီးသားတွေချည်း ဖြစ်နေတယ်။ လာသမျှ ဧည့်သည်တွေကို
ပန်းအမျိုးမျိုးရဲ့ အခေါ်အဝေါ်၊ ပန်းတွေရဲ့ ရည်ညွှန်းတဲ့ အဓိပ္ပါယ်၊
ဘယ်လိုလူမျိုးဆို ဘာပန်းနဲ့ သင့်တော်မယ် ဆိုပြီင်္း ရွှန်းရွှန်းဝေအာင်
ရှင်းပြတတ်တော့ ၀င်လာသမျှ ဧည့်သည်တွေက ပန်းတစ်စည်း ဒါမှမဟုတ်
ပန်းတစ်ခြင်းလောက်ကတော့ ၀ယ်သွားကြတာချည်းပါဘဲ။ ရက်သထ္ထ(၁)ပါတ် ပြည့်တော့
သူ့ရလဒ်က ဘယ်ဆိုးမလည်းနော်။ ဆိုင်ပိုင်ရှင်က သူမရဲ့ အရည်အသွေးကို တအားကို
ကြိုက်နေပြီပေါ့။ သူ့ကိုသာခန့်ရင် ငါ့ဆိုင်ရဲ့ဝင်ငွေဟာ တရိပ်ရိပ်တက်လာမှာ
အသေအခြာဘဲ လို့တွေးနေတော့တာပေါ့။

နောက်.. ဒုတိယ ပန်းအလှပြင် သင်တန်းကျောင်းဆင်း မိန်းကလေးကြတော့လညှ်း
စာအုပ်ထဲမှာ လေ့လာထားသမျှနဲ့ သင်တန်းမှာ လက်တွေ့ပန်းအလှပြင်နည်းတွေကို
အစွမ်းကုန်အသုံးချ၊ ကျိုးသွားတဲ့ ပန်းတွေကို အလဟသ၁ မဖြစ်စေဘဲ
သွားကြားထိုးတံနဲ့တမျိုှး၊ သွပ်နန်းကြိုးလေးတွေနဲ့တစ်လီ ပြုပြင်လို့
ဖန်တီးထားတာဖြင့် မျက်စိပသာဒမှာ ရှုမငြီးအောင် ဖြစ်နေတော့တာပါဘဲ။
ဆိုင်ပိုင်ရှင်က သူမရဲ့ ဖြတ်ထိုးဥာဏ်၊ ဗဟုသုတရှိပုံနဲ့ဖန်တီးနိုင်စွမ်းကို
တော်တော့ကို သဘောကြသွားတယ်။ သူ့ကိုသာခန့်လိုက်ရင်ဆိုင်မှာ အလေအလွင့်နည်းပြီး
ဒီဇိုင်းအသစ်အဆန်းတွေ ငါ့ဆိုင်မှာဖန်တီး
ထုတ်လုပ်နိုင်မှာ သေခြာတယ်ဆိုပြီး ဘ၀င်ကျနေပြန်တယ်။

တတိယ မိန်းကလေးကတော့ အလုပ်အတွေ့အကြုံမရှိရှာတော့ ပန်းတွေကို မထိရက်
မကိုင်ရက်နဲ့ပေါ့။ သူလုပ်လိုက်လို့ အမှားတစ်ခုခုဖြစ်သွားမှာကို
စိုးရိမ်စိတ် အပြည့်လေးနဲ့ပေါ့။ ပန်းတွေကြားမှာ ရောရပ်နေရင်း
သူမကိုယ်တိုင် ပန်းပွင့်လေးတစ်ပွင့်လို နူးညံ့ဖြူစင် နေတော့တယ်။ သူမရဲ့
ပင်ကိုယ်စိတ်ကိုက ပန်းပွင့်လေးလိုဘဲလှပတယ်။ သူမဟာ နာနေတဲ့
သုံးမရလို့စွန့်ပစ်ထားတဲ့ ပန်းပွင့်လေးတွေကို လွှင့်မပစ်ရက်ဘဲ
ပွင့်ချပ်လေးတွေကို ဖြတ်ညှပ်ပြီး ဆိုင်ရှေ့ကဖြတ်သွားတဲ့ ကျောင်းသူ
ကျောင်းသားလေးတွေကို လက်ဆောင်ပေးလိုက်တယ်။ ပန်းဝယ်ပြီး သူ့လက်ထဲက
ပန်းစည်း ယူသွားတဲ့ လူတိုင်းကို..

” ပန်းလက်ဆောင်ပေး ကိုယ့်အတွက် မွှေးမြပါစေရှင်” ..လို့ချိုသာကြည်လင်တဲ့
အသံလေးနဲ့ ပြောတတ်တယ်။ အဲ့ဒီချိုမြတဲ့ စကားသံလေးက သူ့အတွက်လား၊
သူ့ဆိုင်အတွက်လား၊ ပန်းဝယ်သူတွေအတွက်ပြောတာလား၊ ဘာဘဲဖြစ်ဖြစ်
ကြားလိုက်ရသူ အားလုံးအတွက်ကတော့ စိတ်နှလုံး ကြည်နူးချမ်းမြေ့ရတာ
ချည်းပါဘဲ။ ဒါနဲ့ဘဲ သူမရဲ့ချိုသာတဲ့အပြောလေးကြောင့်
ပန်းလေးတွေဝယ်သွားကြတယ်။ အဲ့လြိုကိုးစားခဲ့ပေမယ့် သူမဟာ ရက်သထ္ထ(၁)ပါတ်
ပြည့်သွားတဲ့အခါ တခြားနှစ်ယောက်ရဲ့ ရောင်းအားအောက်မှာဘဲ သူမရဲ့ရှာတဲ့ငွေက
ရှိနေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ဆိုင်ရှင်က မထင်မှတ်ဘဲ တတိယမိန်းကလေးကို
ဆိုင်အတွက် ရွေးချယ်ခန့်လိုက်ပါတယ်။ ဆိုင်မှာရှိနေတဲ့ ၀န်ထမ်းတွေက
မရှင်းကြဘူး။ ဘာလို့ သူတို့ဆိုင်ရှင်က ပိုက်ဆံအရှာနိုင်ဆုံး
အရောင်းကျွမ်းကျင်တဲ့ ပထမမိန်းကလေးကို မရွေးပါလည်း ဆိုပြီးတော့ပေါ့။
ဒီတော့ ဆိုင်ရှင်က အခုလို ရှင်းပြလိုက်တယ်။

” ပန်းရောင်းပြီး ရှာနိုင်တဲ့ငွေက အကန့်အသတ်ရှိပါတယ်။
ပန်းလိုလှတဲ့စိတ်ဓာတ်နဲ့ ရှာနိုင်တဲ့ ငွေက အကန့်အသတ်မရှိပါဘူး။
ပန်းအလှပြင်တဲ့ပညာကိုဘယ်သူမဆို ဘယ်နေရာမှာမဆို သင်ယူလို့ရပါတယ်။
ပန်းလိုလှတဲ့ စိတ်ဓာတ်ကိုတော့ သင်ယူလို့ မရနိုင်ပါဘူး..
အဲ့ဒီစိတ်ဓာတ်ထဲမှာ စိတ်နေစိတ်ထား၊ အကျင့်စာရိထ္ထ၊ ၀ါသနာ၊ အနုပညာနဲ့
အလိမ္မာတရားတွေ ပါဝင်နေလို့ပါ ” …တဲ့။

ကျွန်မတို့တွေလည်း မိမိမှာ လုပ်ငန်းခွင် အတွေ့အကြုံမရှိဘူးဆိုပြီး
စိုးရွံ့အားငယ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။ အလုပ်ဆိုတာက လုပ်ရင်းနဲ့
ဘယ်လိုလုပ်ရမယ်ဆိုတာကို လုပ်နေရင်းကဘဲ တဖြေးဖြေးနဲ့ သင်ပေးသွားမှာပါ။
ဒါပေမယ့် အလုပ်အပေါ်မှာ ယုံကြည်စိတ်အပြည့်၊ စေတနာအပြည့်အ၀နဲ့
ဖြူစင်စွာထားပြီး လုပ်ရမှာကတော့ ကျွန်မတို့ကိုယ်တိုင်ကိုက လုပ်ယူမှသာ
ရမှာပါ။ ဒီလိုသာဆိုရင်ဖြင့် ကျွန်မတို့အားလုံး အခွင့်ရေးကောင်းတွေနဲ့
မလွဲမသွေကြုံဆုံ ကြရမှာပါရှင်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Read more ...


စက်တင်ဘာလ ၂၉-ရက်နေ့စွဲနဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်မှ လွှတ်တော်ကို ပေးပို့သော သ၀ဏ်လွှာမှာ အခုတလော တနိုင်ငံလုံး စိတ်မချမ်းမြေ့ဘွယ်နဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ သဝဏ်လွှာပါပဲ။ အထူးသဖြင့် တိုင်းရင်သား ညီအကို ကချင်တိုင်းရင်းသားတွေအား မြန်မာလူမျိုး ကြီးစိုးသူ စစ်ဗိုလ်ချုပ်တွေက သူတို့ဒေသခံလူတွေရဲ့ သဘောထားကို မဆန်းစစ်.. မလေ့လာဘဲ စီမံကိန်းကို ထင်သလိုလုပ်တယ်။ တစ်ခါ ရလာတဲ့ အကျိုးအမြတ်ကလဲ ဒေသခံ လူထုအတွက် ခံစားခွင့် မည်မျှ ပေးသင့်သည်ကိုတောင် ထည့်မတွက်ထားပါဘူး။ ပါးစပ်ကတော့ တိုင်းရင်းသားညီနောင်တွေ။ ကချင်တိုင်းရင်သားတွေရဲ့ ရီုးရာသင်္ကေတ သမိုင်းအမွှေအနှစ် တွေဆိုတာကို တန်ဖိုးထားရမှန်းတောင် မသိတတ်သူက ညီရင်းအကိုဆိုပြီး ပါးစပ်ပါတိုင်းလျှောက် ပြောရာကျနေပါတယ်။ ပြောတာနဲ့ အလုပ်ပြောင်းပြန် ဖြစ်နေပါတယ်။

ကချင်လူမျိုးတွေဟာ ရိုးရာကို အတော်လေးစွဲလမ်းတဲ့ လူမျိုးစုတွေဖြစ်တာ မြန်မာတိုင်းရင်းသားတွေထဲမှာ ထူးခြားမှုတစ်ခုပါဘဲ။ အဲဒီမှာ ဧရာဝတီမြစ်ဆုံ ဆိုတာ သူတို့သိပ်တန်ဖိုးထား အမြတ်တနိုးထားတဲ့ သင်္ကေတ တစ်ခုပါ။ ဒါကို ဗိုလ်သန်းရွှေ မသိဟန်ဆောင်လို့ရပါမယ်။ ငြင်းချက်ထုတ်လို့ မရနိုင်ပါဘူး။ မဟုတ်ဘူး ငြင်းချင်လို့မရပါဘူး။ ကချင်လူမျိုးတွေကို ညီရင်းအကိုလို့ ခေါ်မယ်ပြောမယ်ဆိုရင် ပထမဆုံး ကချင်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေ ကချင်လူမျိုးတွေရဲ့ စိတ်ထားနဲ့ အထွဋ်အထိပ်ထားတဲ့ ရိုးရာတွေကိုတော့ သိသင့်ပါတယ်။ အခုခေတ်တိုးရစ် ကမ္ဘာလှည့် ခရီးသည်တွေတောင် နိုင်ငံတခုကို သွားတော့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့  DO and DON'T ကိုပထမဆုံး သိအောင်လုပ်ထားရတာပါ။ ထိုင်းနိုင်ငံမှာ ဘုရင်ကြီး(တော်ဝင်မိသားစု) ကိုမဝေဖန်မိဖို့ အလွန်မှအရေးကြီးသလို နိုင်ငံတိုင်းမှာ တန်ဖိုးထားတဲ့ ဓလေ့ထုံးစံတွေ ရှိကြပါတယ်။

အခု ဧရာဝတီမြစ်ဆုံ ဆိုတာ ကချင်လူမျိုးတွေကတင် တန်ဖိုးထားတာ မဟုတ်ပါဘူး။ မြန်မာ သတင်းတွေလွှင့်ရင် မြစ်ဆုံကို တီဗီပေါ်မှာ အမြဲဦးစားပေး ဖေါ်ပြခဲ့ရတာပါ။ မြန်မာလူမျိုးတွေအတွက် အိမ်ဦးလို့ စိတ်ထဲမှာ ခံယူထားရတဲ့ နေရာဒေသပါ။ တရုတ်လူမျိုးကတော့ ငွေရမယ်ဆိုရင် ဘနဖူးတောင် သိုက်တူးကြတဲ့ လူစားတွေပါ။ ဘယ်သူဘာဖြစ်ဖြစ် ငတေမာပြီးရော စိတ်အလွန်ကြီးမားတဲ့ လူတွေပါ။  မော်စီတုံးလွန်ခေတ်မှာ လူဖြစ်လာတဲ့ တရုတ်တွေဟာ မိသားစုတစ်ခုမှာ ကလေးတစ်ဦးဘဲ ယူခွင့်ရှိတော့ သိပ်အလိုလိုက် ခံထားရသူတွေ။ စီးပွားကလဲ တက်လာတော့ တခြားသူ ဘာဖြစ်ဖြစ် ငါ့ပြသနာမဟုတ်ဖူး ဆိုပြီးသိပ်ပြောတဲ့လူတွေ။ it's not my problem. it's yours..လို့အားမနာတမ်း အလွန်ပြောတတ်သူတွေ။ လူမှုရေးစိတ်လည်း အတော်လေး ခေါင်းပါးကြသူတွေပါ။ သူတို့ဆီက ကိုယ်ချင်းစာစိတ်တော့ မမျှော်လင့်လေနဲ့။ ဘယ်သူသေသေ ငတေမှာ ပြီးရောဆိုသလို မွေးစကလေးတွေ အတွက် အင်မတန် အန္တရာယ်များတဲ့ နိုမှုန့်အတုကအစ ဆေးအတု အဆုံး အကုန်လုပ်ရောင်းတဲ့ သူတွေပါ။

တစ်ခါ မြစ်ဆုံရေကာတာကြီးဟာ အလွန်မှ ကြီးမားပါတယ်။ ရေကာတာကြီးက ရေပြင်ရဲ့ထု အလေးချိန်ဟာ ကမ္ဘာမြေအပေါ် ဖိအားအထိုက်အလျှောက် ပြောင်းလဲစေတာကြောင့် နဂိုလ်ကမှ စစ်ကိုင်းပြတ်ရွေ့က နာမည်ကြီးကြီး ရေထုအလေးချိန်ကြောင့် ငလျှင်ကို သက်ရောက် လာစေနိုင်ပါတယ်။ တကယ်လို့ ရေကာတာသာ ကျိုးကြည့်ပါ။ မြစ်ကြီးနားမြို့ဆိုတာ အရာတောင် ကျန်မှာမဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး အောက်ပိုင်းတွေ ရေမျောပြီး လူဦးရေ ဆယ်သန်းမက ပျောက်သွားနိုင်ပါတယ်။ ကချင်လူမျိုး တ၀က်လောက် ပျောက်သွားပါမယ်။

အခုဧရာဝတီမြစ်ဆုံကို သမ္မတကြီးက ရပ်ဆိုင်းလိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးအရ ချိုချိုသာသာလေး ပြောလိုက်တာပါ။ မင်္ဂလာဆောင်တစ်ခုကို စီစဉ်ထားပြီးပြီ။ ဖိတ်စာတွေ ရိုက်ထားဝေထားပြီးပြီ။ ခမ်းမငှားဘာညာ အားလုံးစီစဉ်ပြီးမှ ရွှေ့ဆိုင်းတယ် ဆိုတာ ယဉ်ယဉ်လေးနဲ့ ဖျက်သိမ်းတာပါဘဲ။ တချို့ က လုံးဝဖျက်သိမ်းတာဘဲ လိုချင်တယ်။ ထအော်နေကြတာ ဒါလေးတော့ နိုင်ငံရေးကြွယ်ဝကြပါဦးလို့။ နိုင်ငံရေးမှာ ဒီလောက်ပြောတာကိုက အရိပ်ပြ အကောင်းမြင်တတ်ကြပါလို့။

အဓိက ကတော့ မြန်မာနိုင်ငံမှာ ဦးနေ၀င်း ၂၆-နစ်မှာ အစပိုင်းတွေမှာ တင်ပြတာလေးတွေ နည်းနည်းပါးပါး ရပါသေးတယ်။ နောက်ပိုင်းကျတော့ (ပါတာဖတ်) ညီလာခံအတုကြီး လုပ်တော့တာပါဘဲ။  ပြည်သူက ဘာမှ တင်ပြခွင့်မရှိပါဘူး။ သိပ်တင်ပြလာရင် အရှုးဆိုပြီး ဆေးထိုးတော့တာပါဘဲ။  တစ်ခါ န.အ.ဖ တက်လာတော့ ပြည်သူကိုဘေးဖယ်ထားပါ။ သန်းရွှေကို ဘယ်ဗိုလ်ချုပ်မှ မျက်နှာကို မကြည့်ဝံ့ကြပါဘူး။ အခုလဲ သမ္မတကြီးဥိးသိန်းစိန်ဟာ သူပြားပြား ၀တ်ယူရအောင် ကြောက်ရတဲ့ ဘိုသန်းရွှေ လုပ်ထားတာကို တော်တော်တန်တန် သတ္တိနဲ့  ဖျက်သိမ်းရတာ မဟုတ်ပါဘူး။ အင်မတန်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာပါ။

ဒီဆုံးဖြတ်ချက်ဟာ အခုကျနော်တို့ ဒီရပ်ဆိုင်းမှုဟာ သန်းရွှေ၊ ရွှေပေလွှာနဲ့ လက်မှတ်ထိုး ချုပ်ဆိုထားတာကို မှားတယ်လို့ အလုပ်နဲ့ သက်သေပြ လိုက်တာလို့မြင်ပါတယ်။ ဟေ့ကောင်သန်းရွှေလို့ အခေါ်ထည့် လိုက်တယ်လို့ မြင်ကြည့်ကြ စေချင်ပါတယ်။ ဒါသန်းရွှေကို လက်ခံဖို့ တော်တော်လေး ညှိနိုင်း ယူရပါမယ်။

အနှစ်ငါးဆယ်အတွင်း အာဏာချုပ်ကိုင်ထားသူတွေက ပြည်သူတွေရဲ့ အသံကို ဒါပထမဦးဆုံး အကြိမ် နားထောင်တာပါဘဲ။ အင်မတန်မှ မင်္ဂလာရှိသော ကိစ္စဖြစ်ပါတယ်။ အခုသမ္မတကြီး အပေါ်လူထုရဲ့ ယုံကြည်ကိုးစားမှု အတော်တက်လာပါတယ်။ အားကိုးမှုလဲပို ခိုင်မာလာပါတယ်။ တကယ်ထဲထဲဝင်ဝင် တွေးကြည့်ရင် လွယ်လွယ်လေး ဆုံးဖြတ်လိုက်ရတာ မဟုတ်ပါဘူး။ တဖက်ကလဲ အင်မတန် တကိုယ်ကောင်းဆန်တဲ့ တရုတ်လူမျိုးတွေ။ ပြောခဲ့သလိုဘဲ သဘာ၀၀န်းကျင်ပျက်တာ အန္တရယ်ဖြစ်နိုင်တာ ငါ့ပြသနာမဟုတ်ဘူး မင်းတို့ ပြသနာ ဆိုတဲ့လူစားတွေ။

အဲဒီလိုချဲ့ တွေးကြည့်ကြပါ။ သမ္မတကြီးကို ချီးမွှမ်းခန်းဖွင့်နေတာ မဟုတ်ပါဘူး။ သူ့နေရာနေ ကြည့်တတ်ကြဖို့ပါ။ ကိုယ်ကိုယ်ကို မင်္ဂလာဆောင်တစ်ခုကို ရွှေ့ဆိုင်းဖို့ တာဝန်ယူရတဲ့ နေရာကနေ နေကြည့်ပါ။ ဒါကမင်္ဂလာဆောင်ထက် ပိုအရေးကြီးပါတယ်။ နောက်တစ်ခုက ကျနော်တို့ ပြည်သူတွေကို အခုလက်ရှိအစိုးရက အလေးထားလာတယ်။ လူကိုလူလို့ မြင်လာတယ်လို့ ခံစားလို့ ရလာပါတယ်။ အဲဒီမှာ တဆက်ထည်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးနေတာ တွေဟာ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် ဟန်ပြလုပ်နေတာ မဟုတ်လောက်ဘူးဆိုတာကိုပါ စဉ်းစားလို့ ရလာပါပြီ။  တနည်းတော့ အခု မှိန်မှိန်လေးမြင်နေရတဲ့  ရောင်ခြည်လေးဟာ အလင်းရောင် အစစ်လို့တော့ ပြောလို့ရလာပါပြီ။ အားရှိလာရပါပြီ။

အဲဒီမှာ တဆက်ထဲ ဝေဖန်နေကြသူတွေကိုပေါ့။ အခုလက်ရှိသမ္မတကြီးကို မကြိုက်ကြဘူးဆိုရင် ပြောကြပါဦး စစ်အုပ်စုထဲက ဘယ်သူ့ကို သမ္မတအဖြစ် မြင်ချင်ကြသလဲ။ ကိုယ်တိုင် သန်းရွှေက ညီလာခံအတုကြီးလုပ်တယ်။ ဘယ်သူက ဟန့်တားနိုင်ခဲ့ကြလို့လဲ။ ဘယ်သူက ဟန့်တားလို့ အဖမ်းခံရသလဲ။ ရှိတော့ရှိပါတယ်။ တစ်ခါ နာဂစ်ဥပဒေကြီးကို အတည်ြပုတော့ ဘယ်သူက ဟန့်တားနိုင်ခဲ့ကြသလဲ။ ရွေးကောက်ပွဲ အတုလုပ်တော့ကော ဘယ်သူက ဘာလုပ်နိုင်ခဲ့ကြသလဲ။ ကျွန်တော်တို့ အားလုံးဘာမှ မစွမ်းဆောင်နိုင်ကြပါဘူး။ အခု မြစ်ဆုံ ဦးသိန်းစိန်က လိုက်လျှောမှုပေးလာတယ်။ ဒါကို တကျပ်ပေးတာ မကျေနပ်ဘူး တအုပ်လုံးပေး ထအော်ချင်ကြတယ်။ အဲဒီတော့ သူ့ကိုမကြိုက်ရင် ကျန်စစ်ဗိုလ်ချုပ်ထဲက ဘယ်သူ့ကို ပိုကောင်းမယ် ထင်ပါသလဲ။ ရွှေမန်း ရှိတယ်...။ ရှစ်လုံး-တင်အောင်မြင့်ဦး... ရွေးချယ်ခွင့်က စစ်မှုထမ်းဘူးတဲ့ စစ်ဗိုလ်ချုပ်ထဲကဘဲ ရထား၊ ခွင့်ပြုထားကိုး။ ဓမ္မဓိဋ္ဌာန်ကျကျတော့ ပြောကြဆိုကြတာ ကောင်းပါမယ်။

အဲဒီတော့ သမ္မတကြီးဦးသိန်းစိန်အပေါ် ဒီလို ရပ်ဆိုင်းပေးလာတာ သမ္မတကြီးအပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှု တက်လာတယ် မတက်လာဘူး ဘယ်လိုမြင်ကြပါသလဲ။ စာဖတ်ပရိတ်သတ်တို့ရဲ့ အမြင်လေးတွေ ကိုဖိတ်ခေါ်ပါတယ်။ ဘာလို့ ဖိတ်ခေါ်ရသလဲဆိုတော့ သမ္မတကြီးမှာ သဘောထားတင်းမာသူ (လာဘ်များများ စားထားသူတွေက ပိုတင်းမာကြတာပါ)တွေ တတစ်ဖက် အင်အားပြိုင်နေရတော့ သမ္မတကြီးက ပြည်သူလူထု ဆန္ဒကို လိုက်လျောတာကို နဂိုကမှ သူတို့က မလိုက်လျောချင် တစ်ခါ အခုလို လိုက်လျောတော့ သမ္မတကြီးက လူကြိုက်ပိုများလာရင် သူတို့က အုပ်စုဖွဲ့  အမှား ရှာကိုင်လာနိုင်တယ်။

အဲဒီတော့ ပြည်သူလူထုကလဲ ကျနော်တို့ သမ္မတကြီးကို ကျေးဇူးတင်တယ်။ သမ္မတကြီးဘက်က ရပ်တည်မှုကို ဒီသဘောထား တင်းမာသူတွေကို သိထားအောင် တုန့်ပြန်ထားဖို့ တာဝန်လို့ မြင်မိလို့  ဖိတ်ခေါ်လိုက်ပါတယ်။

သူတလူ နှင့်အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်
Read more ...
 သန်း ခုနှစ်ထောင်



ကျမတို့နေထိုင်တဲ့ကမ္ဘာကြီးမှာ နိုင်ငံပေါင်း(၂၀၀)နီးပါးရှိပြီး အဲ့ဒီနိုင်ငံတွေမှာ မှီတင်းနေထိုင်ကြတဲ့ လူဦးရေဟာ တစ်နေ့တစ်ခြား တိုးပွားများပြား လာတာ အခုဆိုရင် ကမ္ဘာ့လူဦးရေစုစုပေါင်း သန်း(၇၀၀၀) ကို ရောက်ရှိ့လို့နေပါပြီ။ ဒါပေမဲ့ အဲ့ဒီလောက်များပြားလှတဲ့
လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ထပ်တူညီခြင်း လုံးဝမရှိကြပါဘူး။

နိုင်ငံတစ်ခုစီမှာ ပေါက်ဖွားနေထိုင်ကြတဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ အသားအရည်၊ မျက်လုံး၊ ဆံပင်တွေရဲ့ အရောင်အဆင်း၊ အသွင်အပြင်တွေ၊အရပ်အမောင်း အနိမ့်အမြင့်တွေ၊ ကိုယ်လုံးကိုယ်ထည်ဆူကျုံမှုတွေ၊ အရိုး အဆစ်အချိုးအဆက်တွေ၊ လှုပ်ရှားမှုဟန်ပန် အမူအယာတွေဟာ ကွဲပြားခြားနားလို့နေကြပါတယ်။ လူတစ်ယောက်ကို တွေ့မြင်လိုက်ရုံနဲ့ ဘယ်နိုင်ငံသားရယ်လို့ အနည်းဆုံး ဥရောပတိုက်သားလား၊ အရှေ့အလယ်ပိုင်းသားလား၊ အရှေ့တောင်အာရှသားလား၊ အမေရိက တိုက်သားလား၊ အာဖရိက တိုက်သားလား၊ တရုတ်ပြည်သားလား၊ အန္ဒိယပြည်သားလားဆိုတာတော့ ခွဲခြားလို့သိနိုင်ကြပါတယ်။ နိုင်ငံချင်းမတူမှ ကွဲလွဲသလားဆိုတော့
မဟုတ်ပါဘူး။ တစ်နိုင်ငံတည်းသားချင်းမှာ လူမျိုးစုချင်းမတူကြရင် ကွဲပြား ကြပြန်ပါတယ။ ဥပမာ - မြန်မာတစ်နိုင်ငံတည်းမှာ စုပေါင်းနေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးစုတွေဟာလည်း တစ်စုနဲ့တစ်စု သွင်ပြင်လက္ခ ဏာတွေမတူကြပါဘူး။

ဒီလိုနိုင်ငံချင်း၊ လူမျိုးစုချင်း မတူမှလားဆိုတော့ မဟုတ်ပြန်ဘူး။ နိုင်ငံတစ်နိုင်ငံတည်းသားချင်း၊ လူမျိုးစုတစ်စုတည်းသားချင်း မှန်း
သိသာရုံဆင်ကြပေမဲ့ တကယ်တမ်း တစ်ယောက်ချင်းကြည့်ပြန်တော့ ရုပ်ရည်ချောမောလှပသူ၊ ရုပ်ဆိုး အကျည့်တန်သူ၊ အရပ်မြင့်သူ၊ နိမ့်သူ၊ ပိန်သူ၊ ၀သူ၊ အချိုးအဆစ်ပြေပြစ်သူ၊ မပြေပြစ်သူ၊ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ ကလေးဆိုပြီး အမျိုးမျိုးကွဲပြားနေကြပြန်ရော။ တစ်အူတုံဆင်း အမွှာမို့ ရုပ်ရည်ချင်းခွဲမရအောင် ချွတ်စွတ်တူနေရင်တောင်မှ လက်ဗွေရာတို့၊ မျက်ကြည်လွှာ(retina)တို့ကမတူ ကွဲပြားနေကြလို့ အခုဆို ဒါတွေကို လူတစ်ယောက်ချင်းစီရဲ့ အမှတ်အသား၊ အမှတ်တံဆိပ်အဖြစ် အသုံးပြုနေတာဟာ ကမ္ဘာနဲ့တလွှား ပါဘဲလေ။ ဒါတွေဟာ ကျမတို့အလွယ်တကူတွေ့မြင်နေကြရတဲ့ လူသားအားလုံးရဲ့ မတူညီတဲ့ ဗဟိဒ္ဓရုပ်ရည် သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

တကယ်တော့ဘယ်လောက်ကြီးဘဲ ကွဲပြားခြားနားတယ်ပြောပြော ဒီလူသားအားလုံးဟာ အဆင်းဆိုတဲ့ ရူပါရုံ၊ အသံဆိုတဲ့ သဒ္ဒါရုံ၊ အနံ့ဆိုတဲ့ ဂန္ဓာရုံ၊ အရသာဆိုတဲ့ ရသာရုံ၊ အထိအတွေ့ဆိုတဲ့ ဖောဋ္ဌဗ္ဗါရုံ၊ အတွေးအကြံဆိုတဲ့ ဓမ္မာရုံ အစရှိတဲ့ အာရုံ(၆)ပါးကို
ကိုယ့်ရဲ့မျက်စိဆိုတဲ့ စက္ခုဒွါရ၊ နားဆိုတဲ့ သောတဒွါရ၊ နှာခေါင်းဆိုတဲ့ ဃာနဒွါရ၊ လျှာဆိုတဲ့ ဇိဝှါဒွါရ၊ ကိုယ်ဆိုတဲ့ ကာယဒွါရ၊ စိတ်ဆိုတဲ့
မနောဒွါရတွေနဲ့ လက်ခံခြင်း၊ တုန့်ပြန်ခြင်းဆိုတဲ့ အလုပ်(၆)မျိုးကိုသာ နေ့စဉ် လုပ်ကိုင်နေရတာချင်းကတော့ အတူတူပါဘဲ။ ဒီလို လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အာရုံတွေဟာ အတူတူဖြစ်နေကြပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ လက်ခံပုံချင်း၊ တုန့်ပြန်ပုံချင်းကြတော့ မတူကြပြန်ပါဘူး။ အဲ့ဒီလိုမတူကြရခြင်းရဲ့ မူလ အကြောင်းအရင်း(root cause)ကတော့ လူတစ်ယောက်ချင်းစီရဲ့စိတ်မှာ အမြင်မှား ဆိုတဲ့ အတ္တ(ငါ)နဲ့ စွဲယူထားတဲ့ ဥပါဒါန်အစွဲကြီးခြင်း၊ မကြီးခြင်းအပေါ်မူတည်ပြီး အတ္တစွဲကြီးသူတို့မှာ   အကုသိုလ် စေတသိက် တရားတွေနဲ့ အနေများပါတယ်။ အတ္တစွဲနည်းသူတို့မှာတော့ ကုသိုလ်စေတသိက်တရားတွေနဲ့ အနေများကြပါတယ်။ အတ္တနဲ့စွဲယူမှု
ဥပါဒါန်အားကြီးသူတွေရဲ့ စိတ်သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟနဲ့ယှဉ်တဲ့ အကုသိုလ်စေတသိက်တွေဟာ အားသန်ကျက်စား လွယ်နေတော့ သူတို့ဟာ သူတို့နဲ့ကြုံတွေ့နေရတဲ့အာရုံတွေကို အကုသိုလ်စေတသိက် လွှမ်းမိုးတဲ့ စိတ်တွေနဲ့ လက်ခံ၊ တုန့်ပြန်တတ်ကြပါတယ်။ အတ္တနဲ့စွဲယူမှု ဥပါဒါန်နည်းပါးတဲ့သူတွေရဲ့ စိတ်သဏ္ဍာန်မှာ အလောဘ၊ အဒေါသ၊ အမောဟနဲ့ယှဉ်တဲ့ ကုသိုလ်စေတသိက်တွေက အားသန်ကျက်စားလွယ်နေတော့ သူတို့ဟာ သူတို့နဲ့ကြုံတွေ့ရသမျှ အာရုံတွေကို ကုသိုလ်စေတသိက်လွှမ်းမိုးတဲ့စိတ် နဲ့လက်ခံ၊ တုန့်ပြန်တတ်ကြပါတယ်။

လူအများစုဟာ ရုပ်နဲ့စိတ်(နာမ်)မှာ ရုပ်ကပြုပြင်ရလွယ်ကူပြီး စိတ်(နာမ်)က ပြုပြင်ရခက်ခဲတယ်လို့ ယူဆ လက်ခံထားကြပါတယ်။ တကယ်တော့ ရာသီဥတုကြောင့် ပူနေတဲ့ရုပ်တွေကို အေးသွားအောင် ယပ်ခပ်တာမျိုး၊ Aircon ဖွင့်ပြီးပြုပြင်တာမျိုး၊ အေးနေတဲ့ ရုပ်တွေကို စောင်ခြုံ၊ အနွေးထည်ဝတ်ပြီးပြုပြင်တာမျိုး၊ ညောင်းညာတောင့်တင်း နေတဲ့ရုပ်တွေကို လေ့ကျင့်ခန်းလုပ်၊ အနှိပ်အနင်းခံပြီး
ပြုပြင်တာမျိုးတွေဟာလွယ်ကူပေမဲ့၊ အလေးချိန်ပေါင်အရမ်းများနေတဲ့လူ တစ်ယောက်ကိုပေါင်(၅၀)လောက်ကျသွားအောင်၊ အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ် ဇရာအိုတစ်ယောက်ကို အသက်နှစ်ဆယ်၊ သုံးဆယ်အရွယ် နုပျိုသွားအောင်၊
ကိုယ်တစ်ခြမ်းလေပြတ်လို့ မလှုပ်နိုင်သူကို ပြန်ကောင်းသွားအောင် ပြုပြင်ဖို့က လုံးဝမလွယ်ပါဘူး။

စိတ်၊ စေတသိက်တွေရဲ့ ပရမတ်သဘောတရားတွေကို သေသေခြာခြာနားလည်လာလို့ သတိ၊ ပညာကိုသာ ၀ီရိယအားကောင်းကောင်းနဲ့ စွဲမြဲနေစေနိုင်ရင် စိတ်(နာမ်)ကို ဥာဏ်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာရယ်လို့ သဘောပေါက်လာမှာပါ။  ဒေါသကြောင့် သတ်မိတော့မဲ့စိတ်ကို သတိဥာဏ်ပညာနဲ့ လူသတ်ချင်တဲ့ ဒေါသပျောက်သွားအောင်၊ လောဘကြောင့် သူတစ်ပါးဥစ္စာကို
မတရားရယူချင်တဲ့စိတ်ကို သတိ ဥာဏ်ပညာနဲ့ မတရားရယူတော့မယ့် လောဘကင်း သွားအောင်ပြောင်းလဲပြစ်ဖို့က သတိဥာဏ်နဲ့ ၀ီရိယအားကောင်းပေါ်မူတည်ပြီး မှန်မှန်ကန်ကန် ပြောင်းလည်းယူလို့ ရပါတယ်။ အာရုံအကြောင်းတရားတွေရဲ့
ထောက်ပံ့ကျေးဇူးပြုမှုကြောင့် စိတ် စေတသိက်တွေဟာ သူ့သဘောသူဆောင်ပြီး ဖြစ်ပေါ်လာကြသလို အာရုံအကြောင်း တရားတွေကင်းတာနဲ့လည်းချုပ်ပျောက်ကြပြန်ပါတယ်။ နောက်ထပ် အကြောင်းတရားအသစ်တွေကြောင့် နောက်ထပ် စိတ်အသစ်အသစ်တွေ ဆက်တိုက်အစားထိုး ဖြစ်ပေါ်နေလို့ စိတ်ဟာအမြဲမပျက်သလို ငါ့စိတ် ငါ့အလိုအနေနဲ့ အမြင်မှားအတ္တတွေဖြစ်ပေါ်နေရတာပါ။

အဟောင်းအဟောင်းတွေ ချုပ်ပျောက်ပြီး အသစ်အသစ်တွေနဲ့ အစားထိုးနေတဲ့ စိတ်စေတသိက်တို့ရဲ့ ပရမတ် သဘောတရားတွေကို နားလည်အောင်ကြိုးစားပြီး ကျမတို့ရဲ့စိတ်မှာ မှီတွယ်နေတဲ့ အတ္တတွေ ဥပါဒါန်တွေကို ပါးနိုင်သမျှပါးပြီး အကုသိုလ်
စေတသိက်တွေရဲ့ ချယ်လှယ်မှုကိုမခံရအောင် ကုသိုလ်စေတသိက်တွေနဲ့သာ ချဉ်းကပ်ခွင့်ရအောင် ဥာဏ်ဦးဆောင်တဲ့ သတိ၊ ၀ီရိယနဲ့
အားထုတ်နေကြရမှာက ကျမတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ အဲဒီလိုအားထုတ်နိုင်လို့ အတ္တနဲ့ စွဲလမ်းမှုတွေ ပါးလာရင် မကောင်းတဲ့ အကုသိုလ်တရားတွေကိုလည်း လွယ်လွယ်စွန့်နိုင်သလို ကောင်းတဲ့ကုသိုလ်တရားတွေကိုလည်း မပင်မပန်းပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ၀န်အနေနဲ့ မလေးတော့ပဲ အားအနေနဲ့ ပြောင်းလည်းဖြစ်ပေါ်လာမှာပါ။

ဒီလိုသာ လူသားတစ်ဦးချင်းစီ ကျင့်ကြံအားထုတ်နိုင်ကြမယ်ဆိုရင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှာနေထိုင် နေကြတဲ့ ကမ္ဘာ့နိုင်ငံသားအားလုံး၊ လူမျိုးစုအားလုံးဟာ ဗဟိဒ္ဓ ရုပ်သွင်ပြင်လက္ခဏာအားဖြင့်ဖြစ်စေ၊ နိုင်ငံသား လူမျိုးစုအားဖြင့်ဖြစ်စေ၊ ဘယ်လောက်ပဲကွဲပြားခြားနားနေကြပါစေ အတွင်းအဇ္ဖျတ္တ စိတ်သဏ္ဍာန်မှာတော့ သူတော်ကောင်းတရားများ ကိန်းအောင်းနေကြတဲ့လူသားတွေ ဖြစ်လာကြမှာပါ။ အဲဒီကြရင်တော့ ကမ္ဘာမှာ စစ်မှန်တဲ့ ချမ်းသာကိုတကယ်သိမြင်နားလည်လာမှာပါ။

(စိတ်၊ စေတသိက်၊ ရုပ်တို့၏ ပရမတ်သဘောတရားများကို နားလည်သဘောပေါက်လာစေရန် သင်ကြားပေးသည့် ဆရာ Dr. စိုးလွင်(မန္တလေး)အား ဤဆောင်းပါးဖြင့် ပူဇော်ကန်တော့ပါ၏။)

ရွှေဇီးကွက်

(၂၉. ၁၁.၂၀၁၁ နေ့ထုတ် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်ပါ ဆောင်းပါးဖြစ်ပါသည်။)



Read more ...

ပျော်အောင်နေနည်း အနုပညာ - ၂ [ သွန်းနေစိုး ]

 

အခုတင်ပြမှာက ကိုယ်ကျင့်တရားနဲ့ ပျော်ရွှင်ခြင်းအကြောင်း ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီနှစ်ခုဟာ အင်မတန်ကွာလှမ်းလှတဲ့ အဆက်အစပ်လို့ ထင်စရာရှိပါတယ်။

ကိုယ်ကျင့်တရား နဲ့ ပျော်ရွှင်ခြင်း။
ဆိုင်လို့လာ? ဒီလို မေးစရာရှိတယ်။
ကိုယ်ကျင့်တရားမကောင်းသူတစ်ယောက်ရဲ့ ရယ်မောသံကိုလည်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။

ဟိုတစ်ခေါက် Post တုန်းက ...
 ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမြင့်မြတ်ခြင်းကပဲ ပျော်ရွှင်ခြင်းဖြစ်တယ် ... လို့ ကျနော်ရေးခဲ့တယ်။

အဲဒီတုန်းကပဲ ပျော်ရွှင်ခြင်းအကြောင်း ဒဿနပညာရှင်တွေရဲ့ အယူအဆတွေကို တင်ပြခဲ့တဲ့အခါ ဝေဖန်မှုအချို့လည်း ကြုံရပါတယ်။
 ဒီနေရာမှာ တစ်ခုလေးတော့ သတိပြုစရာရှိပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာကို အရပ်သုံးအခေါ်အဝေါ် သတ်မှတ်ချက်နဲ့ ဒဿနိကဗေဒပညာရှင်တွေရဲ့ အခေါ်အဝေါ်သတ်မှတ်ချက် ကွာခြားပါ လိမ့်မယ်။ ယေဘုယျအမြင်အရသာ ပြောမယ်ဆိုရင် ရယ်မောနေတာကိုတွေ့တာနဲ့ သူ ပျော်နေတယ်လို့ သတ်မှတ်ရမလိုပါပဲ။ ဒီလိုသာဆို လောကကြီးမှာ ပျော်ရွှင်ချမ်းမြေ့မှုကို အပေးနိုင်ဆုံး လူသားတွေအဖြစ် လူရွှင်တော်တွေကို ဆုချီးမြှင့်ရပါလိမ့်မယ်။

တကယ်တော့ သူတို့ပေးတာ ရယ်မောခြင်းဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းမဟုတ်ပါ။ (ဒါတောင် ပုဂ္ဂိုလ်၊ သတ္တ၀ါ စိတ်အခံအလိုက် ရယ်မောရခြင်း ရှိမရှိ ကွာခြားပါလိမ့်မယ်။) ပိုပြီးရှင်းသွားအောင် ပျော်ရွှင်ချမ်းမြေ့ခြင်းလို့ သုံးနှုန်းရလိမ့်မယ် ထင်ရဲ့။ ပျော်ရွှင်ခြင်းနဲ့ ချမ်းမြေ့ခြင်းက ဆက်စပ်နေတာကိုး။

သင့်စိတ်ကသာ အသင့်မဖြစ်ခဲ့ရင် လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို ပျော်ရွှင်ချမ်းမြေ့ခြင်း ပေးလို့ မရပါ။ ဒီလိုပါပဲ၊ သင့်စိတ်ကို ထားနိုင်ခဲ့ရင်လဲ လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင်မပျော်အောင် တားလို့မရပါ။

ကမူးရဲ့ နာမည်ကျော် စစ်စီးဖတ် ဒဏ္ဍာရီကို ကြားဖူးကြမယ် ထင်ပါတယ်။
စစ်စီးဖတ်ဆိုတာက ... ဘုရားသခင်အပြစ်ပေးခြင်းကို ခံခဲ့ရသူ တစ်ယောက်။
သူ့ကို ချမှတ်ထားတဲ့ အပြစ်ဒါဏ်က လေးလံလှတဲ့ ကျောက်တုံးကြီးတစ်တုံးကို တောင်အမြင့်ကြီးဆီ တွန်းတင်ရခြင်းပါ။
အဲဒါကို တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ ကာလ အကန့်အသတ်မရှိ လုပ်ဆောင်ရတာ။

ပင်ပန်းကြီးစွာနဲ့ ကျောက်တုံးကြီး တောင်ပေါ်တွန်းတင်ရတယ်။ တောင်ထိပ်ရောက်တော့ ပြန်လျှောကျသွားပြန်တယ်။ အဲဒါနဲ့ တောင်အောက်ပြန်ဆင်း နောက်တစ်ခေါက် ပြန်တွန်းတင်ရပြန်တယ်။ ဒါကိုကပဲ စစ်စီးဖတ်ရဲ့ အလုပ်ဖြစ်ပါတယ်တဲ့။
တနည်းပြောရရင် စစ်စီးဖတ်ခံရတဲ့ ၀ဋ်ဒုက္ခပေါ့လေ။

ဆန်းတာက အဲဒီစာအုပ်မှာ ကမူးဟာ မအပ်မရာ မေးခွန်းတစ်ခုမေးထားတယ်။
စစ်စီးဖတ် ပျော်ပါရဲ့လား ... တဲ့။
ခင်ဗျားတို့ ဘယ်လိုဖြေကြမလဲ?

သာမန်အမြင်အရဆိုရင်တော့ ရူးနေလားလို့ ပြန်ပြောမိလိမ့်မယ် ထင်ပါတယ်။ အဲဒီလို အခြေအနေမှာ အဲဒီလို မေးခွန်းမေးစရာလား? ဒါကို ဘယ်လိုပျော်ရမလဲ ... စသဖြင့် လူပိန်းအမြင်မျိုး ကျနော်တို့ မြင်မိကြပါလိမ့်မယ်။
ဟုတ်ကဲ့။ ကမူးကတော့ သူ့မေးခွန်းသူ မဖွယ်မရာ ပြန်ဖြေပေးထားတယ်။
စစ်စီးဖတ် ပျော်ပါတယ်တဲ့။

ယန်းပေါ့ဆာ့တ်ကလည်း ပြောဘူးတယ်။
ဂျာမန်နာဇီတွေ (ပြင်သစ်ကို) အသိမ်းခံထားရတဲ့အောက်မှာ နေခဲ့ရစဉ်ကဘ၀ကို အပျော်ဆုံးတဲ့။

တစ်ခါ နာဇီ ငရဲခန်းထဲရောက်ခဲ့ရတဲ့ ဂျူးတွေ ပြန်ပြောကြတော့ ငရဲခန်းထဲမှာတုန်းကလည်း ပျော်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်တဲ့။

ဒီတော့ ပျော်ရွှင်ခြင်းဆိုတာ သာမန်အမြင်နဲ့ ချဉ်းကပ်လို့ မရတဲ့အရာမှန်း မြင်သာလောက်ပါပြီ။

ကျနော်ပြောချင်တာ ဗဟိဒ္ဓအကြောင်းအရာတွေ မဟုတ်ပါ။ ပျော်ရွှင်ချမ်းမြေ့ခြင်းအစစ်အမှန်ကို ဘယ်လိုရှာရမလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့တွေးခေါ်ရှင်ကြီးတွေရဲ့ အတွေးအမြင်ကို ထုတ်နုတ်ဖော်ပြရခြင်းပါ။
ပျော်ရွှင်ခြင်းအစစ်အမှန်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ချဉ်းကပ်နိုင်ပါမှလည်း ပျော်ရွှင်ခြင်းအစစ်အမှန်ဆီ ချဉ်းကပ်နိုင်ပါလိမ့်မယ်။

ပျော်ရွှင်ခြင်း အစစ်အမှန်ရဖို့အတွက် ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားရှိဖို့လည်း လိုအပ်တယ်။ ဒီအကြောင်း မြင်သာသွားအောင် စိတ်ပညာ စာအုပ်ထဲက ကောက်နုတ်ချက်လေးတစ်ခုကို ဖော်ပြချင်ပါတယ်။

The inner mind may act itself up as Judge, prosecutor, and jailer. Self punishment comes only from within directed by the Subconscious mind.
အတွင်းစိတ်ဟာ တရားသူကြီးလို ထောင်မှူးလို ဆွဲချလို ဆောင်ရွက်တတ်တယ်။ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကို အပြစ်ပေးတတ်တယ် ... တဲ့။

တနည်းပြောရရင် ဘယ်သူမပြု မိမိမှုဆိုတာလိုပါပဲ။
လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ။ မဟုတ်မတရားတာ လုပ်ဆောင်ထားတဲ့ ကိုယ်ကျင့်တရား ညံ့ဖျင်းသူဆိုရင် သူ့အတွင်းစိတ်က သူ့ကို ခြောက်လှန့်နေပါလိမ့်မယ်။
ဘယ်သူကမှ သူ့ကို အပြစ်ပေးစရာမလိုဘဲ သူ့ကိုယ်သူ အပြစ်ရှိမှန်းသိနေတဲ့စိတ်ကတင် တော်တော်ခံစားနေရပါလိမ့်မယ်။
ဒီတော့ သူ ဘယ်ပျော်နိုင်ပါတော့မလဲ။

ဒီသဘောတရားကို စိတ်ပညာအရဆို Mascohism လို့ ခေါ်ပါတယ်။
[Mascohism ဆိုတဲ့ ဝေါဟာရဟာ အတော်တော့ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေ ကိုယ့်ကိုယ်ကို ကြာပွတ်နဲ့ ရိုက်ပြီး အပြစ်ဖြေခြင်းလိုမျိုးကလည်း ဒီထဲမှာပါတယ်လို့ ပြောနိုင်ပါလိမ့်မယ်။  နောက်အလျဉ်းသင့်မှ အဲဒီအကြောင်းသီးခြား တင်ပြပါ့မယ်။ အခုက ယေဘုယျသဘော ခြုံငုံပြောလိုက်တာပါ]

ဒါကြောင့်လဲ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ ကိုယ်ကျင့်တရားကောင်းမြတ်ခြင်းဟာ ဆက်စပ်နေတယ်လို့ ပြောရခြင်းပါ။

ကိုယ်ကျင့်တရားကောင်းမြတ်သူဟာ စိတ်သန့်တယ်။ တစ်ချိန် ဘ၀နေ၀င်ချိန်ရောက်လို့ အိပ်ရာညောင်စောင်းထက် လဲလျောင်းရင်း သေမင်းရဲ့ အရိပ်မည်းကြီး ကိုယ့်အပေါ်တရွှေ့ရွှေ့ လွမ်းခြုံလာတာကို စောင့်ဆိုင်းနေရခိုက်မှာ ဘ၀တလျောက် ငါတရားမျှတခဲ့ပါလား ဒီဘ၀မှာ ပျော်ပျော်နေပြီး အခု ဒီဘ၀ကနေ ပျော်ပျော်ထွက်သွားရတော့မှာပါလားဆိုတဲ့ အတွေးဟာ အင်မတန် လူဖြစ်ရကျိုးနပ်စေတဲ့အတွေးပဲ ဖြစ်ပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ပဲ။ ရေပွက်ပမာ လူ့ဘ၀ ခဏတာလေးအတွင်း ဥစ္စာစည်းစိမ်အတွက်၊ ရာထူး အာဏာအတွက်၊ လိုဘ မပြေနိုင်ခြင်းတွေအတွက် တပါးသူရဲ့ မျက်ရည်တွေ၊ ငိုသံ နာကျင်မြည်တမ်းသံတွေ ဒင်းကြမ်းနဲ့ ဖြတ်သန်းခဲ့သူဆိုရင်တော့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လိုမှ လှပလိမ့်မယ် မဟုတ်ပါ။

အဲဒီလို သေအံ့မူးမူးအချိန်မှာတင်မက ရှင်သန်ဆဲကာလအတွင်းမှာလဲ ကိုယ်လုပ်မိတဲ့အပြစ်တွေအတွက် စိတ်သန့်သန့်နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မယ် မဟုတ်ပါ။ အဲဒါကြောင့်ပဲ သင်ပြုသောကံ သင်၏ထံ အမှန်ပြန်၍လာလိမ့်မည်လို့ သုံးနှုန်းကြတာ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ ကာလအနေနဲ့ကြည့်ရင် လူ့ဘ၀ဆိုတာ ခဏကလေးပါ။
စကြ၀ဠာကြီးထဲက ကြည့်ရင် ကမ္ဘာဆိုတာ အလုံးငယ်ကလေးမျှသာ။
လူသားဆိုတာကတော့ အဲဒီအလုံးငယ်လေးပေါ်မှာ စွန်းထင်းနေတဲ့ လှုပ်လှုပ်ရွရွ အစက်အပျောက်ကလေးတွေ။
အဲဒီ သေးသေးမွှားမွှား အဖြစ်ကလေးကို ရတာချင်းအတူတူ ဘာလို့များ လူသားချင်း ရက်စက်ကြမ်းကြုတ်မှုတွေ၊ မဟုတ်မတရား ပြုကျင့်မှုတွေ လုပ်နေကြမလဲ?

သူများအတွက်မဟုတ်တောင် ကိုယ့်အတွက်ကိုယ် မျှတအေးချမ်းစွာ နေခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမြတ်မှုကနေ ဘ၀ရဲ့ အနှစ်သာရပြည့်ဝသော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာတွေ့နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါတယ်။

သွန်းနေစိုး Thorn Nay Soe
Read more ...