ပျော်အောင်နေနည်း အနုပညာ - ၂ [ သွန်းနေစိုး ]
အခုတင်ပြမှာက ကိုယ်ကျင့်တရားနဲ့ ပျော်ရွှင်ခြင်းအကြောင်း ဖြစ်ပါတယ်။
ရုတ်တရက်ကြည့်မယ်ဆိုရင် ဒီနှစ်ခုဟာ အင်မတန်ကွာလှမ်းလှတဲ့ အဆက်အစပ်လို့ ထင်စရာရှိပါတယ်။
ကိုယ်ကျင့်တရား နဲ့ ပျော်ရွှင်ခြင်း။
ဆိုင်လို့လာ? ဒီလို မေးစရာရှိတယ်။
ကိုယ်ကျင့်တရားမကောင်းသူတစ်ယောက်ရဲ့ ရယ်မောသံကိုလည်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။
ဟိုတစ်ခေါက် Post တုန်းက ...
ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားမြင့်မြတ်ခြင်းကပဲ ပျော်ရွှင်ခြင်းဖြစ်တယ် ... လို့ ကျနော်ရေးခဲ့တယ်။
အဲဒီတုန်းကပဲ ပျော်ရွှင်ခြင်းအကြောင်း ဒဿနပညာရှင်တွေရဲ့ အယူအဆတွေကို တင်ပြခဲ့တဲ့အခါ ဝေဖန်မှုအချို့လည်း ကြုံရပါတယ်။
ဒီနေရာမှာ တစ်ခုလေးတော့ သတိပြုစရာရှိပါလိမ့်မယ်။
ပျော်ရွှင်ခြင်းဆိုတာကို အရပ်သုံးအခေါ်အဝေါ် သတ်မှတ်ချက်နဲ့ ဒဿနိကဗေဒပညာရှင်တွေရဲ့ အခေါ်အဝေါ်သတ်မှတ်ချက် ကွာခြားပါ လိမ့်မယ်။ ယေဘုယျအမြင်အရသာ ပြောမယ်ဆိုရင် ရယ်မောနေတာကိုတွေ့တာနဲ့ သူ ပျော်နေတယ်လို့ သတ်မှတ်ရမလိုပါပဲ။ ဒီလိုသာဆို လောကကြီးမှာ ပျော်ရွှင်ချမ်းမြေ့မှုကို အပေးနိုင်ဆုံး လူသားတွေအဖြစ် လူရွှင်တော်တွေကို ဆုချီးမြှင့်ရပါလိမ့်မယ်။
တကယ်တော့ သူတို့ပေးတာ ရယ်မောခြင်းဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းမဟုတ်ပါ။ (ဒါတောင် ပုဂ္ဂိုလ်၊ သတ္တ၀ါ စိတ်အခံအလိုက် ရယ်မောရခြင်း ရှိမရှိ ကွာခြားပါလိမ့်မယ်။) ပိုပြီးရှင်းသွားအောင် ပျော်ရွှင်ချမ်းမြေ့ခြင်းလို့ သုံးနှုန်းရလိမ့်မယ် ထင်ရဲ့။ ပျော်ရွှင်ခြင်းနဲ့ ချမ်းမြေ့ခြင်းက ဆက်စပ်နေတာကိုး။
သင့်စိတ်ကသာ အသင့်မဖြစ်ခဲ့ရင် လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို ပျော်ရွှင်ချမ်းမြေ့ခြင်း ပေးလို့ မရပါ။ ဒီလိုပါပဲ၊ သင့်စိတ်ကို ထားနိုင်ခဲ့ရင်လဲ လောကထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင်မပျော်အောင် တားလို့မရပါ။
ကမူးရဲ့ နာမည်ကျော် စစ်စီးဖတ် ဒဏ္ဍာရီကို ကြားဖူးကြမယ် ထင်ပါတယ်။
စစ်စီးဖတ်ဆိုတာက ... ဘုရားသခင်အပြစ်ပေးခြင်းကို ခံခဲ့ရသူ တစ်ယောက်။
သူ့ကို ချမှတ်ထားတဲ့ အပြစ်ဒါဏ်က လေးလံလှတဲ့ ကျောက်တုံးကြီးတစ်တုံးကို တောင်အမြင့်ကြီးဆီ တွန်းတင်ရခြင်းပါ။
အဲဒါကို တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ ကာလ အကန့်အသတ်မရှိ လုပ်ဆောင်ရတာ။
ပင်ပန်းကြီးစွာနဲ့ ကျောက်တုံးကြီး တောင်ပေါ်တွန်းတင်ရတယ်။ တောင်ထိပ်ရောက်တော့ ပြန်လျှောကျသွားပြန်တယ်။ အဲဒါနဲ့ တောင်အောက်ပြန်ဆင်း နောက်တစ်ခေါက် ပြန်တွန်းတင်ရပြန်တယ်။ ဒါကိုကပဲ စစ်စီးဖတ်ရဲ့ အလုပ်ဖြစ်ပါတယ်တဲ့။
တနည်းပြောရရင် စစ်စီးဖတ်ခံရတဲ့ ၀ဋ်ဒုက္ခပေါ့လေ။
ဆန်းတာက အဲဒီစာအုပ်မှာ ကမူးဟာ မအပ်မရာ မေးခွန်းတစ်ခုမေးထားတယ်။
စစ်စီးဖတ် ပျော်ပါရဲ့လား ... တဲ့။
ခင်ဗျားတို့ ဘယ်လိုဖြေကြမလဲ?
သာမန်အမြင်အရဆိုရင်တော့ ရူးနေလားလို့ ပြန်ပြောမိလိမ့်မယ် ထင်ပါတယ်။ အဲဒီလို အခြေအနေမှာ အဲဒီလို မေးခွန်းမေးစရာလား? ဒါကို ဘယ်လိုပျော်ရမလဲ ... စသဖြင့် လူပိန်းအမြင်မျိုး ကျနော်တို့ မြင်မိကြပါလိမ့်မယ်။
ဟုတ်ကဲ့။ ကမူးကတော့ သူ့မေးခွန်းသူ မဖွယ်မရာ ပြန်ဖြေပေးထားတယ်။
စစ်စီးဖတ် ပျော်ပါတယ်တဲ့။
ယန်းပေါ့ဆာ့တ်ကလည်း ပြောဘူးတယ်။
ဂျာမန်နာဇီတွေ (ပြင်သစ်ကို) အသိမ်းခံထားရတဲ့အောက်မှာ နေခဲ့ရစဉ်ကဘ၀ကို အပျော်ဆုံးတဲ့။
တစ်ခါ နာဇီ ငရဲခန်းထဲရောက်ခဲ့ရတဲ့ ဂျူးတွေ ပြန်ပြောကြတော့ ငရဲခန်းထဲမှာတုန်းကလည်း ပျော်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်တဲ့။
ဒီတော့ ပျော်ရွှင်ခြင်းဆိုတာ သာမန်အမြင်နဲ့ ချဉ်းကပ်လို့ မရတဲ့အရာမှန်း မြင်သာလောက်ပါပြီ။
ကျနော်ပြောချင်တာ ဗဟိဒ္ဓအကြောင်းအရာတွေ မဟုတ်ပါ။ ပျော်ရွှင်ချမ်းမြေ့ခြင်းအစစ်အမှန်ကို ဘယ်လိုရှာရမလဲ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့တွေးခေါ်ရှင်ကြီးတွေရဲ့ အတွေးအမြင်ကို ထုတ်နုတ်ဖော်ပြရခြင်းပါ။
ပျော်ရွှင်ခြင်းအစစ်အမှန်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ချဉ်းကပ်နိုင်ပါမှလည်း ပျော်ရွှင်ခြင်းအစစ်အမှန်ဆီ ချဉ်းကပ်နိုင်ပါလိမ့်မယ်။
ပျော်ရွှင်ခြင်း အစစ်အမှန်ရဖို့အတွက် ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားရှိဖို့လည်း လိုအပ်တယ်။ ဒီအကြောင်း မြင်သာသွားအောင် စိတ်ပညာ စာအုပ်ထဲက ကောက်နုတ်ချက်လေးတစ်ခုကို ဖော်ပြချင်ပါတယ်။
The inner mind may act itself up as Judge, prosecutor, and jailer. Self punishment comes only from within directed by the Subconscious mind.
အတွင်းစိတ်ဟာ တရားသူကြီးလို ထောင်မှူးလို ဆွဲချလို ဆောင်ရွက်တတ်တယ်။ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကို အပြစ်ပေးတတ်တယ် ... တဲ့။
တနည်းပြောရရင် ဘယ်သူမပြု မိမိမှုဆိုတာလိုပါပဲ။
လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ။ မဟုတ်မတရားတာ လုပ်ဆောင်ထားတဲ့ ကိုယ်ကျင့်တရား ညံ့ဖျင်းသူဆိုရင် သူ့အတွင်းစိတ်က သူ့ကို ခြောက်လှန့်နေပါလိမ့်မယ်။
ဘယ်သူကမှ သူ့ကို အပြစ်ပေးစရာမလိုဘဲ သူ့ကိုယ်သူ အပြစ်ရှိမှန်းသိနေတဲ့စိတ်ကတင် တော်တော်ခံစားနေရပါလိမ့်မယ်။
ဒီတော့ သူ ဘယ်ပျော်နိုင်ပါတော့မလဲ။
ဒီသဘောတရားကို စိတ်ပညာအရဆို Mascohism လို့ ခေါ်ပါတယ်။
[Mascohism ဆိုတဲ့ ဝေါဟာရဟာ အတော်တော့ ကျယ်ပြန့်ပါတယ်။ တစ်ချို့တွေ ကိုယ့်ကိုယ်ကို ကြာပွတ်နဲ့ ရိုက်ပြီး အပြစ်ဖြေခြင်းလိုမျိုးကလည်း ဒီထဲမှာပါတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ နောက်အလျဉ်းသင့်မှ အဲဒီအကြောင်းသီးခြား တင်ပြပါ့မယ်။ အခုက ယေဘုယျသဘော ခြုံငုံပြောလိုက်တာပါ]
ဒါကြောင့်လဲ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ ကိုယ်ကျင့်တရားကောင်းမြတ်ခြင်းဟာ ဆက်စပ်နေတယ်လို့ ပြောရခြင်းပါ။
ကိုယ်ကျင့်တရားကောင်းမြတ်သူဟာ စိတ်သန့်တယ်။ တစ်ချိန် ဘ၀နေ၀င်ချိန်ရောက်လို့ အိပ်ရာညောင်စောင်းထက် လဲလျောင်းရင်း သေမင်းရဲ့ အရိပ်မည်းကြီး ကိုယ့်အပေါ်တရွှေ့ရွှေ့ လွမ်းခြုံလာတာကို စောင့်ဆိုင်းနေရခိုက်မှာ ဘ၀တလျောက် ငါတရားမျှတခဲ့ပါလား ဒီဘ၀မှာ ပျော်ပျော်နေပြီး အခု ဒီဘ၀ကနေ ပျော်ပျော်ထွက်သွားရတော့မှာပါလားဆိုတဲ့ အတွေးဟာ အင်မတန် လူဖြစ်ရကျိုးနပ်စေတဲ့အတွေးပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုမှ မဟုတ်ပဲ။ ရေပွက်ပမာ လူ့ဘ၀ ခဏတာလေးအတွင်း ဥစ္စာစည်းစိမ်အတွက်၊ ရာထူး အာဏာအတွက်၊ လိုဘ မပြေနိုင်ခြင်းတွေအတွက် တပါးသူရဲ့ မျက်ရည်တွေ၊ ငိုသံ နာကျင်မြည်တမ်းသံတွေ ဒင်းကြမ်းနဲ့ ဖြတ်သန်းခဲ့သူဆိုရင်တော့ ဘ၀နေ၀င်ချိန်ဟာ ဘယ်လိုမှ လှပလိမ့်မယ် မဟုတ်ပါ။
အဲဒီလို သေအံ့မူးမူးအချိန်မှာတင်မက ရှင်သန်ဆဲကာလအတွင်းမှာလဲ ကိုယ်လုပ်မိတဲ့အပြစ်တွေအတွက် စိတ်သန့်သန့်နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မယ် မဟုတ်ပါ။ အဲဒါကြောင့်ပဲ သင်ပြုသောကံ သင်၏ထံ အမှန်ပြန်၍လာလိမ့်မည်လို့ သုံးနှုန်းကြတာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကာလအနေနဲ့ကြည့်ရင် လူ့ဘ၀ဆိုတာ ခဏကလေးပါ။
စကြ၀ဠာကြီးထဲက ကြည့်ရင် ကမ္ဘာဆိုတာ အလုံးငယ်ကလေးမျှသာ။
လူသားဆိုတာကတော့ အဲဒီအလုံးငယ်လေးပေါ်မှာ စွန်းထင်းနေတဲ့ လှုပ်လှုပ်ရွရွ အစက်အပျောက်ကလေးတွေ။
အဲဒီ သေးသေးမွှားမွှား အဖြစ်ကလေးကို ရတာချင်းအတူတူ ဘာလို့များ လူသားချင်း ရက်စက်ကြမ်းကြုတ်မှုတွေ၊ မဟုတ်မတရား ပြုကျင့်မှုတွေ လုပ်နေကြမလဲ?
သူများအတွက်မဟုတ်တောင် ကိုယ့်အတွက်ကိုယ် မျှတအေးချမ်းစွာ နေခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမြတ်မှုကနေ ဘ၀ရဲ့ အနှစ်သာရပြည့်ဝသော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာတွေ့နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါတယ်။
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment
Note: Only a member of this blog may post a comment.